နေပြည်တော် ဇန်နဝါရီ ၂၄
နေပြည်တော်၌ ဒုတိယအကြိမ် ဝန်ကြီးဌာနပေါင်းစုံ မြန်မာ့ရိုးရာထမနဲ ထိုးပြိုင်ပွဲနှင့် ပျော်ပွဲရွှင်ပွဲ ကျင်းပပြုလုပ်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ဝန်ကြီးဌာနပေါင်းစုံ မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲနှင့် ပျော်ပွဲရွှင်ပွဲ ကျင်းပ ပြုလုပ်နိုင်ရေး ဦးစီးကော်မတီ ဒုတိယဥက္ကဋ္ဌ(၁) ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်း က ယမန်နှစ်မှစတင်၍ ဝန်ကြီးဌာန ပေါင်းစုံ မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲနှင့် ပျော်ပွဲရွှင်ပွဲကို နေပြည်တော်တွင် ကျင်းပခဲ့ပါကြောင်း၊ ညှိနှိုင်းအစည်းအဝေး (၄)ကြိမ်တိုင် ပြုလုပ်ခဲ့ရပါကြောင်း၊ အဓိက ဆွေးနွေးခဲ့ရသည်မှာ နေရာရွေးချယ်ခြင်း ဖြစ်ပါကြောင်း၊ နောက်ဆုံးတွင် ဝဏ္ဏသိဒ္ဓိ အားကစားကွင်းကို ရွေးချယ်ခဲ့ပါကြောင်း၊ ထို့နောက် အမှတ်ပေး စည်းမျဉ်း အပါအဝင် ကျန်ကိစ္စရပ်များကို ဆွေးနွေးခဲ့ရပြီး ပထမအကြိမ် ထမနဲထိုးပြိုင်ပွဲနှင့် ပျော်ပွဲရွှင်ပွဲကို ၂၀၁၉ခုနှစ် ဖေဖော်ဝါရီ ၁၉ရက်တွင် အောင်မြင်စွာ ကျင်းပနိုင်ခဲ့ကာ ဝန်ထမ်း များလည်း ပျော်ရွှင်ခဲ့ပါကြောင်း၊ ယခုနှစ် ထမနဲထိုးပြိုင်ပွဲကို ဝဏ္ဏသိဒ္ဓိအားကစားကွင်းမှာပင် ကျင်းပမည်ဖြစ်ပြီး ဝန်ကြီးဌာန အားလုံးအပါအဝင် ပြည်ထောင်စု အဖွဲ့အစည်းများပါ ပါဝင် စေလိုပြီး ပျော်ရွင်စွာနှင့် အောင်မြင်စွာ ကျင်းပနိုင်စေရန် ပွင့်လင်းစွာ ဆွေးနွေးစေလိုပါကြောင်း ပြောကြားသည်။
ထို့နောက် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးမြင့်ကျော်က ပထမအကြိမ် ဝန်ကြီးဌာနပေါင်းစုံ ထမနဲထိုးပြိုင်ပွဲနှင့် ပျော်ပွဲရွှင်ပွဲကျင်းပခဲ့မှု အခြေအနေများ၊ ယခုနှစ်တွင် ကျင်းပပြုလုပ်မည့် လုပ်ငန်းအစီအမံများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ပြည်ထဲရေး ဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာ ရေး နှင့်အားကစား ဝန်ကြီးဌာန၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၊ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနနှင့် နေပြည်တော် စည်ပင်သာယာရေး ကော်မတီတို့မှ တာဝန်ရှိသူများက ဒုတိယအကြိမ် ဝန်ကြီးဌာနပေါင်းစုံ မြန်မာ့ရိုးရာ ထမနဲထိုး ပြိုင်ပွဲနှင့် ပျော်ပွဲရွှင်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လိုအပ်သည်များကို ဝိုင်းဝန်းအကြံပြု ဆွေးနွေးကြသည်။
ထို့နောက် ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက ဆွေးနွေးအကြံပြုချက်များအပေါ် ပေါင်းစပ် ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
(သတင်းစဉ်)