Skip to main content

၃၅၀ မဂ္ဂါဝပ် လျှပ်စစ်ဓါတ်အား ထုတ်လုပ်ခြင်းလုပ်ငန်းအပါအဝင် အလုပ်အကိုင် အခွင့်အလမ်း (၁,၅၀၀) ကျော် ဖန်တီးပေးနိုင်မည့် လုပ်ငန်းများ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှခွင့်ပြု

နေပြည်တော် ဇန်နဝါရီ ၂၄

 

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၂/၂၀၂၀) ကြိမ်မြောက် အစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ ကော်မရှင်အစည်းအဝေးခန်းမ၌ ကျင်းပသည်။ အစည်းအဝေးသို့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ ဦးသောင်းထွန်းနှင့် အဖွဲ့ဝင် (၇)ဦး တက်ရောက်ကြ သည်။

 

အစည်းအဝေးတွင်  ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ်တွင် ရင်းနှီးမြှုပ်နှံမည့် ၃၅၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်သော LNG စွမ်းအင်သုံးဓာတ်အားပေးစက်ရုံ တည်ဆောက်၍ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရောင်းချခြင်း လုပ်ငန်းအပါအဝင် မွေးမြူရေးနှင့်ရေလုပ်ငန်းကဏ္ဍ၊ အိမ်ရာအဆောက် အဦတည်ဆောက်ဖွံ့ဖြိုးမှုကဏ္ဍ၊ စက်မှုကဏ္ဍနှင့်  အခြားကဏ္ဍတို့မှ လုပ်ငန်း (၈)ခု ခွင့်ပြုခဲ့သည်။ အဆိုပါလုပ်ငန်းများ၏ ရင်နှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ (၃၉၄ ဒသမ ၀၉၅) သန်းနှင့် ငွေကျပ်သန်း (၁၅၂၂၀) ရှိပြီး ပြည်တွင်းလုပ်သားများအတွက် အလုပ်အကိုင် အခွင့် အလမ်းပေါင်း (၁,၅၈၇) နေရာကို ဖန်တီးပေး နိုင်မည်ဖြစ်သည်။

 

 

၂၀၁၉ ခုနှစ် ဒီဇင်ဘာလကုန်အထိ ရင်းနှီးမြှုပ်နှံမှုအများဆုံး ပြုလုပ်သောနိုင်ငံများမှာ စင်ကာပူ နိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ထိုင်းနိုင်ငံတို့ ဖြစ်သည်။ နိုင်ငံပေါင်း (၅၀)မှ စီးပွားရေး ကဏ္ဍ (၁၂) ခုတွင် အများဆုံး ရင်းနှီးမြှုပ်နှံထားရှိမှုမှာ ရေနံနှင့် သဘာဝဓါတ်ငွေ့ ကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ (၂၇ ဒသမ ၀၀ ရာခိုင်နှုန်း) ဖြင့်လည်းကောင်း၊ လျှပ်စစ်ကဏ္ဍတွင်  စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ (၂၆ ဒသမ ၁၅ ရာခိုင်နှုန်း) ဖြင့်လည်းကောင်း၊ ကုန်ထုတ်လုပ်မှု ကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ (၁၄ ဒသမ ၀၇ ရာခိုင်နှုန်း) ဖြင့်လည်းကောင်း ရင်းနှီး မြှုပ်နှံထားကြောင်း သိရသည်။

 

(သတင်းစဉ်)