နေပြည်တော် ဇန်နဝါရီ ၂၄
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ စွမ်းအင်ကဏ္ဍနှင့်ပတ်သက်၍ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်ပထမသုံးလပတ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၂၀ပြည့်နှစ် ဇန်နဝါရီ ၂၃ရက်နှင့် ၂၄ ရက်တို့၌ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရတနာခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ အမြဲတမ်းအတွင်းဝန် ဦးတင်မောင်ဦး၊ ဦးစီးဌာနနှင့် လုပ်ငန်းတို့မှ ညွှန်ကြားရေးမှူးချုပ်နှင့် ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဌာနအကြီးအကဲများ၊ ရေနံမြေအထွေထွေမန်နေဂျာများ၊ ရေနံချက်စက်ရုံ၊ ဓာတ်မြေသြဇာစက်ရုံနှင့် ရေနံဓာတ်ငွေ့ရည်စက်ရုံတို့မှ စက်ရုံမှူးများ၊ ရေနံသိုလှောင်ဖြန့်ဖြူးရေးဌာနများမှ အထွေထွေ မန်နေဂျာများနှင့်တိုင်းရောင်းဝယ်ရေးအရာရှိများတက်ရောက်ကြသည်။
ရှေးဦးစွာပြည်ထောင်စုဝန်ကြီးက မိမိတို့အနေဖြင့် ရေနံနှင့်သဘာဝဓာတ်ငွေ့များ ယခုထက် ပိုမိုတိုးတက်ထုတ်လုပ်နိုင်ရေး စီမံချက်များစနစ်တကျရေးဆွဲ အကောင်အထည်ဖော်လျက်ရှိရာ ကမ်းလွန်ရေတိမ်ပိုင်းလုပ်ကွက်များမှ သဘာဝ ဓာတ်ငွေ့ထုတ်လုပ်ခြင်းများအပြင် ကမ်းလွန်လုပ်ကွက်အမှတ် A-6 ၏ ရေနက်ပိုင်းမှ သဘာဝဓာတ်ငွေ့များကို ၂၀၂၃ ခုနှစ်တွင် စတင်ထုတ်လုပ်နိုင်တော့မည်ဖြစ်ရာ ပြည်တွင်းသုံး သဘာဝဓာတ်ငွေ့ လိုအပ်ချက်ကို တစ်စိတ်တစ်ပိုင်း ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ပါကြောင်း၊ အလားတူအထွက်နှုန်း ကျဆင်းနေသည့်ကုန်းတွင်းမှ ရေနံနှင့်သဘာဝဓာတ်ငွေ့တွင်းများကိုလည်း ခေတ်မီနည်းပညာများအသုံးပြု၍ စနစ်တကျပြုပြင်မွမ်းမံပြီး အထွက်နှုန်းတိုးတက်အောင် ဆောင်ရွက်ရန်လိုအပ်ပါကြောင်း။
မိမိတို့ထုတ်လုပ်သော သဘာဝဓာတ်ငွေ့များကို တစ်နိုင်ငံလုံးသို့ဖြန့်ဖြူးပေးနိုင်ရေးအတွက် သဘာဝဓာတ်ငွေ့ပိုက်လိုင်းကွန်ရက်ကို ကြိုတင်မျှော်တွေး၍ ဖြန့်ကျက်တည်ဆောက်ကာ ချိတ်ဆက်ဆောင်ရွက်နိုင်ရေး Master Plan ရေးဆွဲ ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ အဆိုပါပိုက်လိုင်းများမှ ကုန်းတွင်းကမ်းလွန်သဘာဝ ဓာတ်ငွေ့များအပြင် LNG မှ ပြုပြင်ပြီးဓာတ်ငွေ့များကိုလည်း ဖြန့်ဖြူးပေးနိုင်ရေး စီမံဆောင်ရွက်ထားကြရန် လိုအပ်ပါကြောင်း၊ ဖွံ့ဖြိုးတိုးတက် ရန်အခြေအနေကောင်းများရှိနေသည့်ဒေသများသို့ ဦးစားပေးသွယ်တန်းပေးရန် လိုအပ်ပါကြောင်း၊ ဒေသဖွံ့ဖြိုးရေးအတွက် အထောက်အကူပြုသည့် ရေနံလက်ယက်တွင်းလုပ်ငန်းဆောင်ရွက်နေသူများအား အန္တရာယ်ကင်းရှင်းစွာဖြင့် စနစ်တကျတူးဖော်ဆောင်ရွက်နိုင်ရေးအတွက် တွင်းတူးဖော်မှုဆိုင်ရာ သင်တန်းများ ဖွင့်လှစ်ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း။
လက်ယက်တွင်းမှ ထုတ်လုပ်မှုစာရင်းများအားစနစ်တကျ ပြုစုပေးပို့ကြရေးစည်းရုံး ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ ထို့အပြင် ပြည်တွင်းလုပ်ငန်းရှင်များအတွက်စနစ်ကျသည့် Mini Refinery များတည်ဆောက်လည်ပတ်နိုင်ရေးအား ဥပဒေမူဝါဒတို့နှင့်အညီ ပံ့ပိုးကူညီဆောင်ရွက်သွားရန်ဖြစ်ပြီး LPG ကို ကျေးရွာများအရောက် စျေးနှုန်းသက်သာစွာဖြင့် ဖြန့်ဖြူးပေးနိုင်ရေးစီမံဆောင်ရွက်ရန်ဖြစ်ပါကြောင်း၊ LPG ကိုမီးဖိုချောင်သုံးကဏ္ဍအပြင် သယ်ယူ ပို့ဆောင်ရေးကဏ္ဍ၌လည်း အသုံးပြုနိုင်ရေးဆောင်ရွက်ရန်ဖြစ်ပါကြောင်း၊ ထို့အပြင် စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးရေးအတွက် အထောက်အကူပြုသည့် ယူရီးယား ဓာတ်မြေသြဇာ ထုတ်လုပ်ရေးကိုလည်းအလေးထား ဆောင်ရွက်ရန်လိုအပ်ပြီး အရည်အသွေး ကောင်းမွန်ပြီး စျေးကွက်အတွင်း ယှဉ်ပြိုင်နိုင်ရေးကိုလည်းဆောင်ရွက်ရန် လိုအပ်ပါ ကြောင်း၊ စက်သုံးဆီလုံလောက်စွာထုတ်လုပ်နိုင်ရေးအတွက် ရှိပြီးရေနံချက်စက်ရုံများအား ပြုပြင်သကဲ့သို့စက်စွမ်းအားပိုမိုမြင့်မားသည့် ရေနံဓာတုဗေဒစက်ရုံများ တည်ဆောက်နိုင်ရေး စီမံဆောင်ရွက်ရန်ဖြစ်ပါကြောင်း။
ပုဂ္ဂလိကစက်သုံးဆီအရောင်းဆိုင်များကိုလည်း ယခုထက်ပို၍စနစ်တကျ ဖွင့်လှစ်နိုင်ရေးအတွက် စိစစ်ဆောင်ရွက်သွားရန်၊စက်သုံးဆီများအား အရည်အသွေး၊ အချင် အတွယ်မှန်ကန်ရေး စဉ်ဆက်မပြတ် စစ်ဆေး ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ စက်သုံးဆီများစစ်ဆေးသည့် ဓာတ်ခွဲခန်းများကိုမြို့ကြီးတိုင်းတွင် ဖွင့်လှစ်နိုင်ရေးစီမံ ဆောင်ရွက် သွားရန်၊ မိမိတို့ဌာနများအနေဖြင့် ပြည်သူလူထုအားအပြည့်အဝအလုပ်အကျွေးပြုရန် လိုအပ်ပါကြောင်း၊ မိမိတို့ဝန်ထမ်း များအနေဖြင့် ပြောင်းလဲနေသည့် ခေတ်မီနည်းပညာများကိုမျက်ခြေမပြတ်လေ့လာသင်ယူ၍ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး အတွက်စွမ်းရည်၊ အရည်အသွေးဖွံ့ဖြိုးတိုးတက်ရေးအဓိက ထားဆောင်ရွက်ပေးရန်လိုကြောင်း၊ စီမံကိန်းများဆောင်ရွက်ရာတွင် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ အလုပ်အကိုင်အခွင့် အလမ်းဖန်တီးနိုင်ရေး၊ ပတ်ဝန်းကျင်ထိခိုက်မှုအနည်းဆုံးဖြစ်ရေး၊ လုံခြုံသောလုပ်ငန်းခွင်ပေါ် ထွန်းရေးစသည့် လုပ်ငန်းစဉ်များပါ သုံးသပ် ဆောင်ရွက်ရန်အရေးကြီးကြောင်း၊ မိမိတို့လုပ်ကိုင်ဆောင်ရွက်နေသည့် ရေနံဓာတုပစ္စည်းများသည် မီးလောင်လွယ်သည့်ပစ္စည်းများဖြစ်သဖြင့် လုပ်ငန်းခွင် မီးဘေးလုံခြုံရေးနှင့် စက်ရုံ၊ အလုပ်ရုံများ၏ လုံခြုံရေးကိုအထူး ဂရုပြု ဆောင်ရွက်ရန်လိုအပ်သကဲ့သို့ သတင်းလုံခြုံမှုရှိစေရေးကိုလည်း အလေးထားဆောင်ရွက် ရန် လိုအပ်ပါကြောင်းပြောကြားသည်။
ထို့နောက် ဦးစီးဌာနနှင့်လုပ်ငန်းတို့မှ ဌာနကြီးမှူးများ၊ ရေနံချက်စက်ရုံ၊ ဓာတ်မြေ သြဇာစက်ရုံနှင့် ရေနံဓာတ်ငွေ့ရည်စက်ရုံတို့မှ စက်ရုံမှူးများ၊ ရေနံသိုလှောင် ဖြန့်ဖြူး ရေးဌာနများမှအထွေထွေမန်နေဂျာများ၊ တိုင်းရောင်းဝယ်ရေး အရာရှိများနှင့် ရေနံမြေအထွေထွေမန်နေဂျာများက ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပထမသုံးလပတ်အတွင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေ၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ကျန်ကာလများ၏ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်း အစီအစဉ်များကို ရှင်းလင်းတင်ပြကြပြီး ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်ကတင်ပြမှုများအပေါ် သုံးသပ်ဆွေးနွေးတင်ပြသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)