မျက်မှောက်ကာလ လူသားအားလုံး ခိုလှုံရာကမ္ဘာကြီးတွင် ကိုးကွယ်ယုံကြည်မှုဆိုင်ရာ ဘာသာတရားများစွာရှိသည်။ ယုံကြည်မှုများတွင် ဗုဒ္ဓဘာသာ၊ ခရစ်ယာန် ဘာသာ၊ ဟိန္ဒူဘာသာ၊ အစ္စလာမ်ဘာသာဆိုသည့် အဓိကဘာသာကြီးလေးမျိုးရှိသည်။ ဘာသာတရားဆိုသည်မှာ အဆုံးအမတစ်ခုဖြစ်ပြီး ချစ်ခြင်းမေတ္တာ၊ ကရုဏာတရားနှင့် ကိုယ်ချင်းစာတရားများကို အခြေခံထားသည်ကို တွေ့ရသည်။ ဘာသာတရားအားလုံး၏ မွန်မြတ်သော ဘုံရည်မှန်းချက်များမှာ တူညီနေသည်ကို တွေ့ရသည်။
ကိုးကွယ်ရာဘာသာအလိုက် ချစ်ခြင်းမေတ္တာ၊ ကရုဏာတရားများ၏ ညွှန်ပြမှုများကသာ လူသားများအားလုံးအတွက် ငြိမ်းချမ်းသာယာဝပြောမှုကို ဆောင်ကြဉ်းပေးနိုင်သည်ဟု ယုံကြည်သည်။ လူ့အဖွဲ့အစည်းကြီးတစ်ခုမှစတင်ပြီး လူ့အသိုက်အဝန်းကြီးတစ်ခုလုံး ငြိမ်းချမ်းသာယာဝပြောမှသာ လူသားအားလုံးရှင်သန်ရပ်တည်ရာ ဤကမ္ဘာကြီးလည်း ငြိမ်းချမ်းသာယာဝပြောမည်ဖြစ်သည်။ လူသားတစ်ဦးနှင့် တစ်ဦးကြားတွင် စွန်းထင်းနေသည့် အမုန်းတရားများ၊ အငြိုးအာဃာတများ၊ မကျေနပ်မှုများသည် လူ့အသိုက်အဝန်း တစ်ခုနှင့်တစ်ခုကြားတွင် နိုင်လိုမင်းထက်မှုများ၊ ညှဉ်းဆဲသတ်ဖြတ်မှုများစသည့် ဒုစရိုက်တရားများ ဆင့်ကဲဆင့်ကဲဖြစ်ပေါ်စေသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဒီဇင်ဘာ လ ၂၃ ရက်နေ့က ပြုလုပ်သည့် ခရစ်တော်မွေးနေ့ (ခရစ္စမတ်) ကျေးဇူးတော်ချီးမွမ်းခြင်းအခမ်းအနားသို့ တက်ရောက်၍ “ဘာသာတရားများ၏ အဆုံးအမများဖြစ်သည့် ချစ်ခြင်းမေတ္တာ၊ ကရုဏာတော်များကသာလျှင် ဒုစရိုက်တရားများကို ပယ်ဖျက်နိုင်မည်ဖြစ်ပြီး လွှမ်းခြုံလာသည့် ချစ်ခြင်းမေတ္တာများနှင့် အေးချမ်းသာယာသည့် ကမ္ဘာကြီးအဖြစ် ဖန်တီးနိုင်မည်ဖြစ်သည်”ဟု ပြောကြားခဲ့သည်။ ပြည်ထောင်စုမြန်မာနိုင်ငံတော်တွင်လည်း မတူကွဲပြားသည့် လူ့အသိုက်အဝန်းများအကြား ချစ်ခြင်းမေတ္တာ၊ ကရုဏာတရားများဖြင့်သာ ငြိမ်းချမ်းသာယာဝပြောသော လူ့ဘောင်ကို တည်ဆောက်နိုင်မည်ဖြစ်သည်။
မြန်မာနိုင်ငံတွင် ကိုးကွယ်ခွင့်ဆိုင်ရာတို့နှင့် ပတ်သက်၍ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ၏ ဥပဒေပုဒ်မ ၃၄ တွင် “ငြိမ်ဝပ်ပိပြားရေးနှင့်သော်လည်းကောင်း၊ ပြည်သူ့ကိုယ်ကျင့်တရားနှင့်သော်လည်းကောင်း၊ ပြည်သူ့ကျန်းမာရေးနှင့်သော်လည်းကောင်း ဤဖွဲ့စည်းပုံအခြေခံဥပဒေပါ အခြားပြဋ္ဌာန်းချက်တို့နှင့်သော်လည်းကောင်း မဆန့်ကျင်လျှင် နိုင်ငံသားတိုင်းသည် ဘာသာသာသနာရေးတွင် လွတ်လပ်စွာယူဆနိုင်သော အခွင့်အရေး၊ လွတ်လပ်စွာကိုးကွယ်ဆောက်တည်နိုင်သော အခွင့်အရေးတို့ကို အညီအမျှရရှိစေရမည်”ဟု အတိအလင်းပြဋ္ဌာန်းထားသည်။ ပြဋ္ဌာန်းထားပြီးဖြစ်သည့်အတွက် မည်သည့်ဘာသာမဆို လွတ်လပ်စွာယုံကြည်ကိုးကွယ်ခွင့်ပေးထားပြီးဖြစ်သည်ကို တွေ့ရသည်။
မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ ဟိန္ဒူဘာသာ၊ အစ္စလာမ်ဘာသာဝင်များနှင့် အခြားသောဘာသာဝင်များသည် ရှေးနှစ်ပေါင်းမြောက်မြားစွာကတည်းက ယှဉ်တွဲမှီတင်းနေထိုင်လာခဲ့ကြသည်။ မည်သို့ပင် ကိုးကွယ်ယုံကြည်ရာ ကွဲပြားသော်လည်း ဘာသာဝင်အချင်းချင်းကြားတွင် ထိပါးစော်ကားခြင်း၊ ခွဲခြားဆက်ဆံခြင်း၊ ထိခိုက်နစ်နာစေလိုခြင်းအလျှင်းမရှိဘဲ အပြန်အလှန်လေးစားမှုတရားများကို မဏ္ဍိုင်ပြုကာ ပြည်ထောင်စုစိတ်ဓာတ်အပြည့်အဝဖြင့် ဆွေမျိုးရင်းချာ စိတ်ထားပြီး နိုင်ငံတော်၏ကောင်းရာကောင်းကျိုး၊ မိမိဒေသ၏ကောင်းရာ ကောင်းကျိုးအတွက် ဆောင်ရွက်နေကြသည်။ ဥပမာအားဖြင့် ရန်ကုန်တိုင်းဒေသကြီးတွင် မတူကွဲပြားသော လူမျိုးများ၊ ဘာသာဝင်များ စုပေါင်းနေထိုင်ကြသော်လည်း မတူကွဲပြားသော လူမျိုးများအကြားတစ်နှင့်တစ်ဦး မေတ္တာ၊ စေတနာ၊ ကရုဏာတရားများထားကာ အတူယှဉ်တွဲရပ်တည် နေထိုင်လုပ်ကိုင်နေကြသည်ကို တွေ့ရမည်ဖြစ်သည်။
ဘာသာတရားတိုင်းတွင် အကျင့်တရား၊ စောင့်ထိန်းအပ်သည့်တရားဆိုသည့် ဘုံသဘောတူညီမှုများ ရှိထားပြီးဖြစ်၍ အဆိုပါအကျင့်တရားများသည် စိတ်ပိုင်းဆိုင်ရာကောင်းမွန်မှုအား အဓိကအခြေခံထားသည်ကို တွေ့ရသည်။ စိတ်ပိုင်းဆိုင်ရာ ဖြူစင်သန့်ရှင်းမှုများသည် လူသားများအတွက် ရုပ်ပိုင်းဆိုင်ရာ ငြိမ်းချမ်းသော ဖွံ့ဖြိုးတိုးတက်မှုများကို အင်အားကြီးမားစွာ အထောက်အပံ့ပေးနိုင်သည်။ လူမှုအသိုက်အဝန်းတစ်ခုလုံးကို စည်ပင်သာယာဝပြောအောင် ဆောင်ရွက်ပေးနိုင်ခြင်းဖြစ်သဖြင့် မွန်မြတ်သောအဆုံးအမများအဖြစ် ခိုင်ခိုင်မာမာယုံကြည်လျက်ရှိသည်။
သို့ဖြစ်ရာ ဘာသာတရားများအပေါ်အခြေခံပြီး ဖြစ်တည်လာသည့် ငြိမ်းချမ်းခြင်းကို ကိုယ်စီလက်ကိုင်ထား၍ တည်ငြိမ်အေးချမ်းပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော ပြည်ထောင်စုကြီး ပေါ်ပေါက်လာရေးနှင့် တိုင်းရင်းသားပြည်သူတစ်ရပ်လုံး လိုလားတောင့်တသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲလမ်းကြောင်းပေါ်တွင် ငြိမ်းချမ်းစွာ အတူလျှောက်လှမ်းသွားနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြပါရန်နှင့် ပြည်ထောင်စုစိတ်ဓာတ်အပြည့်ဖြင့် ဆွေမျိုးရင်းချာစိတ်ထားပြီး နိုင်ငံကောင်းရာ ကောင်းကျိုးဆောင်ရွက်ကြပါရန် တိုက်တွန်းအပ်ပါကြောင်း။ ။
