နေပြည်တော် ဇန်နဝါရီ ၁
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် နေပြည်တော်ကောင်စီဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးရဲမိုး၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးတို့နှင့်အတူ ယနေ့နံနက်ပိုင်းက နေပြည်တော် ပျဉ်းမနားမြို့ ရန်အောင်(၂)ရပ်ကွက် ရန်နိုင်ရပ် နယ်မြေ(၁၆) မီးဘေးသင့်ပြည်သူများကို သွားရောက်တွေ့ဆုံ၍ အားပေးစကားပြောကြားသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက မီးဘေးသင့်အိမ်ထောင်စု ၆၀၊ လူဦးရေ ၃၀၈ ဦးအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထား ရေးဝန်ကြီးဌာနက ထောက်ပံ့သောဆန်ရိက္ခာဖိုး၊ အိမ်ပျက်စီးမှုထောက်ပံ့ကြေး၊ အိမ်အသုံးအဆောင်ပစ္စည်းများ၊ တစ်ကိုယ်ရေသန့်ရှင်းရေးသုံးပစ္စည်းများ၊ ရေသန့်နှင့် ခေါက်ဆွဲခြောက်ထုပ်များ စုစုပေါင်းငွေကျပ် ၂၅၇ သိန်းခန့်တန်ဖိုးရှိ ငွေနှင့်ပစ္စည်းများကို အိမ်ထောင်စုအလိုက်၊ လူဦးရေအလိုက် ထောက်ပံ့ပေးအပ်သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ဆောင်းရာသီကာလ အေးချမ်းသောရာသီဖြစ်၍ ဝန်ကြီးဌာနနှင့် နေပြည်တော်ကောင်စီတို့အနေဖြင့် မီးဘေးသင့်ပြည်သူများ နွေးထွေးစွာအိပ်စက်နိုင်ရေးအတွက် မြေခင်းများ၊ စောင်များ အစရှိသည့် အိပ်ရာပစ္စည်းများကို ချက်ချင်းစီစဉ်ပေးခဲ့ပါကြောင်း၊ ယခုလည်းစခန်း၌ နေထိုင်စဉ်ကာလ နေ့စဉ်စားသောက်ရေးကို ဒေသအုပ်ချုပ်ရေးအဖွဲ့များ၊ တာဝန်ရှိသူများက စနစ်တကျ စီစဉ်ပေးလျက်ရှိပါကြောင်း၊ မီးဘေးသင့် ပြည်သူများအနေဖြင့်လည်း နေထိုင်စားသောက်ရေး၊ သန့်ရှင်းသောအစားအစာနှင့် သောက်သုံးရေ စနစ်တကျသုံးစွဲရေးတို့အတွက် တာဝန်ရှိသူများနှင့်အတူ ဝိုင်းဝန်းလုပ်ဆောင်နေထိုင်နိုင်ရေးတို့ကို အားပေးမှာကြားကာ မီးလောင်မှုဖြစ်ပွားရာ ရန်အောင်(၂)ရပ်ကွက် ရန်နိုင်ရပ်နယ်မြေ(၁၆)၊ မီးလောင်ပြင်သို့ သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
