Skip to main content

KK Park နယ်မြေအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုသည့် တရားမဝင်အဆောက်အအုံ ၅၆၃ လုံး စနစ်တကျဖြိုချဖျက်ဆီးပြီးဖြစ်

နေပြည်တော် ဇန်နဝါရီ ၃

မြန်မာနိုင်ငံအစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုများ အများဆုံးအခြေချလုပ်ကိုင်လျက်ရှိကြသည့် ရွှေကုက္ကိုလ်နယ်မြေနှင့် KK Park နယ်မြေများရှိ တရားမဝင်အဆောက်အအုံများအတွင်း ဝင်ရောက်ရှင်းလင်း၍ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ငန်းစဉ်များတွင် အသုံးပြုခဲ့သည့် သိမ်းဆည်းရမိပစ္စည်းများအား စနစ်တကျဖျက်ဆီးခြင်းနှင့် တရားမဝင်အဆောက်အအုံများအား စနစ်တကျဖြိုချ ဖျက်ဆီးခြင်းများကို အဖွဲ့စုံပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် ဆောင်ရွက်လျက်ရှိရာ ယနေ့တွင်လည်း KK Park နယ်မြေအတွင်းရှိ တရားမဝင်အဆောက်အအုံ ၈ လုံးကို ထပ်မံဖြိုချ ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

ယနေ့တွင် မြဝတီ-မဲထော်သလေး(KK Park)အပိုင်း(၃)နယ်မြေအတွင်းရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် တရားမဝင် ၁ ထပ် အဆောက်အအုံ ၆ လုံးနှင့် အပိုင်း(၂)နယ်မြေအတွင်းရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် တရားမဝင် ၄ ထပ် အဆောက်အအုံ ၂ လုံး၊ စုစုပေါင်း တရားမဝင်အဆောက်အအုံ ၈ လုံးတို့ကို ထပ်မံဖြိုချဖျက်ဆီးခဲ့သဖြင့် KK Park နယ်မြေအတွင်းရှိ တရားမဝင် အဆောက်အအုံ စုစုပေါင်း ၆၃၅ လုံး အနက် ၅၆၃ လုံးကို စနစ်တကျ ဖြိုချဖျက်ဆီးပြီး ဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် KK Park နယ်မြေအတွင်းရှိ တရားမဝင်အဆောက်အအုံများအနက် ယာဉ်ယန္တရားများအသုံးပြု၍ ဖြိုချဖျက်ဆီးခြင်းများ ဆောင်ရွက်ပြီးစီးခဲ့သည့် တရားမဝင်အဆောက်အအုံများကို အလုံးစုံပျက်စီးစေရန်အတွက် လေအိုးမီးအိုးဖြင့် ထပ်မံဖျက်ဆီးခြင်းများကိုလည်း ဒီဇင်ဘာ ၁၄ ရက်မှ စတင်ဆောင်ရွက်ခဲ့ရာ ယနေ့တွင် ၂ ထပ် အဆောက်အအုံ ၅ လုံးကို ထပ်မံဖျက်ဆီးနိုင်ခဲ့သဖြင့် စုစုပေါင်း တရားမဝင်အဆောက်အအုံ ၉၆ လုံး တို့ကို ရာခိုင်နှုန်းပြည့်ဖျက်ဆီးပြီးဖြစ်ကြောင်း သိရှိရသည်။

နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်မှုများကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ခံယူကာ မြန်မာနိုင်ငံအတွင်း လုံးဝအခြေမပြုနိုင်ရေး ပြည်တွင်းအင်အားစုများအပြင် အိမ်နီးချင်းနိုင်ငံအစိုးရများနှင့်လည်း ပေါင်းစပ်ညှိနှိုင်း၍ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။