Skip to main content

အချုပ်အခြာအာဏာကိုထိန်းသိမ်း ဒီမိုကရေစီပန်းတိုင်သို့တက်လှမ်း

ယနေ့သည် ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၄ ရက် (တနင်္ဂနွေနေ့) (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အခါသမယဖြစ်သည်။ နိုင်ငံတစ်နိုင်ငံ၏ ဥပဓိရုပ်အင်္ဂါလေးရပ်နှင့်ကိုက်ညီပြီး အခြားနိုင်ငံများနှင့်တန်းတူရည်တူ ရပ်တည်နိုင်ရန် မြန်မာတို့ အသက်သွေးချွေးရင်းနှီးကာ ကြိုးပမ်းရယူခဲ့ရသော နေ့ထူးနေ့တစ်နေ့ဖြစ်သည်။ လွတ်လပ်ရေးသည် နိုင်ငံသားပြည်သူလူ့အဖွဲ့အစည်း၏ လွတ်လပ်ခွင့်(ဝါ) လွတ်လပ်စွာ ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်ခွင့် (ဝါ) လွတ်လပ်ရေးနှင့် ဒီမိုကရေစီရေး အပြည့်အဝခံစားပိုင်ခွင့်ဖြစ်သည်။

လွတ်လပ်သောနိုင်ငံ၏ ဥပဓိရုပ်အင်္ဂါလေးရပ်ဆိုသည်မှာ (၁) နိုင်ငံပိုင်နက် နယ်မြေ(နိုင်ငံနယ်နိမိတ်)ရှိခြင်း၊ (၂) ယင်းနိုင်ငံမြေပေါ်၌ ပေါက်ဖွားရှင်သန်နေထိုင်သော နိုင်ငံသားပြည်သူ (လူဦးရေ)ရှိခြင်း၊ (၃) ယင်းနိုင်ငံမှ နိုင်ငံသားတို့တွင် မိမိတို့လူမျိုးများဖြင့် ဖွဲ့စည်းထားသော အစိုးရအဖွဲ့ရှိခြင်း၊ (၄) ယင်းနိုင်ငံသည် အချုပ်အခြာအာဏာပိုင်ဆိုင်မှု (ဝါ) လွတ်လပ်ရေးရှိခြင်းတို့ဖြစ်သည်။ နိုင်ငံမရှိလျှင် အခြေအနေမဲ့လူမျိုးများဖြစ်မည်၊ ယင်းမြေတွင် စည်းကမ်းတကျ စီမံကြီးကြပ်ကွပ်ကဲဆောင်ရွက်ပေးမည့် အစိုးရမရှိလျှင် နိုင်ရာစား ကြီးနိုင်ငယ်ညှဉ်း ထင်သလိုပြုကျင့်နှိပ်စက်သော မင်းမဲ့တိုင်းပြည်ဖြစ်မည်။

နိုင်ငံသားတို့တွင် လူအများစုကောင်းကျိုးကို လွတ်လပ်စွာ ဆုံးဖြတ်ဖော်ဆောင်ခွင့်မရှိလျှင် (ဝါ) အချုပ်အခြာအာဏာမပိုင်ဆိုင်လျှင် ထိုနိုင်ငံသည် လွတ်လပ်သောနိုင်ငံမဟုတ်၊ တိုင်းတစ်ပါးသားတို့က စိုးမိုးဖိနှိပ်ခြယ်လှယ်ခံရသော ကျွန်နိုင်ငံဖြစ်မည်။ ထို့ကြောင့် လွတ်လပ်သောနိုင်ငံတစ်နိုင်ငံတွင် နိုင်ငံ၏ဥပဓိရုပ်လေးရပ်နှင့် ကိုက်ညီပြီး အခြားနိုင်ငံများနှင့် တန်းတူရည်တူရပ်တည်နိုင်သောနိုင်ငံဖြစ်အောင် နိုင်ငံလွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာကို ထိန်းသိမ်းစောင့်ရှောက်ကာကွယ်ကြရသည်။ နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ပြီး မိမိနိုင်ငံထွက် သယံဇာတများ၊ ထွက်ကုန်သီးနှံများဖြင့် ဝဝလင်လင်စားသောက်နေထိုင်ကာ ယုံကြည်ရာတို့ကို လွတ်လပ်စွာယုံကြည်လျက် အေးချမ်းစွာနေထိုင်နိုင်အောင် ဆောင်ရွက်ကြရသည်။

မြန်မာနိုင်ငံအနေဖြင့် လွတ်လပ်ရေးရပြီးသည်မှာ (၇၈)နှစ်ရှိပြီဖြစ်သော်လည်း လွတ်လပ်ရေးနှင့်ထိုက်တန်သည့် အခွင့်အရေးများ အပြည့်အဝမရရှိသေးသည်မှာ လက်နက်ကိုင်ပဋိပက္ခများ၊ ပြည်ပမှ သွေးထိုးနှောင့်ယှက်စွက်ဖက်မှုများကြောင့်ဖြစ်သည်။ နိုင်ငံသားအချင်းချင်း စည်းလုံးညီညွတ်မှုကို ခိုင်မာစွာမတည်ဆောက်နိုင်သောကြောင့် တည်ငြိမ်အေးချမ်းမှုပျက်ပြားပြီး လွတ်လပ်ရေးအသီးအပွင့်များကို တန်းတူညီမျှခံစားနိုင်ခွင့်မရရှိသေးသည်ကို တွေ့ရမည်ဖြစ်သည်။ ထို့ကြောင့် နိုင်ငံတော်အစိုးရအဆက်ဆက်က အဓိကကျသည့် ငြိမ်းချမ်းရေးကိုတည်ဆောက်ပြီး တိုင်းပြည်တည်ငြိမ်အေးချမ်းအောင်၊ နိုင်ငံတစ်ဝန်းလုံးသာယာဝပြောအောင်၊ ဒီမိုကရေစီအခွင့်အရေးများ တန်းတူညီမျှရရှိအောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

မျက်မှောက်ကာလတွင် နိုင်ငံတော်အစိုးရက နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသည့် ပြောင်းလဲမှုများစွာကို ဆောင်ကြဉ်းပေးနိုင်ခဲ့သည်။ မိတ်ဆွေနိုင်ငံများနှင့် ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးကို တိုးမြှင့်တည်ဆောက်နိုင်ခဲ့သည်။ပြည်တွင်းထုတ်ကုန်များကို ပြည်ပဈေးကွက်ရရှိစေရေးနှင့် ပြည်တွင်း၌ အဓိကလိုအပ်နေသည့် ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုများ တိုးမြင့်လာစေရန် ဆောင်ရွက်ပေးလျက်ရှိသည်။ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA နှင့်အညီ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးမှုများဆောင်ရွက်နိုင်ခဲ့ပြီး အခြေခံအုတ်မြစ်များကို ချမှတ်ပေးနိုင်ခဲ့သည်။ တည်ဆဲအစိုးရကာလအတွင်း တွေ့ဆုံဆွေးနွေးမှုများမှရရှိလာသည့် အခြေခံအချက်များနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်) ပြင်ဆင်နိုင်ရေးအတွက် အချက် ၄၃ ချက်ကို သဘောတူညီခဲ့ကြပြီးဖြစ်၍ လာမည့်လွှတ်တော်တွင်ဆွေးနွေးပြီး ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်မည်ဖြစ်သည်။

လက်ရှိအစိုးရ နိုင်ငံ့တာဝန်ယူစဉ် ကာလတစ်လျှောက်လုံး နိုင်ငံတော်တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ခဲ့သည်။ ၂၀၂၅ ရွေးကောက်ပွဲပြီးသည့်ကာလတွင် ပေါ်ထွက်လာမည့်အစိုးရအား နိုင်ငံ့တာဝန်များ လွှဲပြောင်းပေးအပ်ပြီး ဒုတိယစာမျက်နှာကို အကောင်းဆုံးဖြစ်အောင် ထမ်းဆောင်နိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိသည်။ ၂၀၂၆ ခုနှစ်တွင် နိုင်ငံတော်ကို ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် ဒီမိုကရေစီနိုင်ငံသစ်အဖြစ် ပြန်လည်တည်ဆောက်နိုင်မည်ဟု ယုံကြည်ထားသည်။

သို့ဖြစ်ရာ ကြုံတွေ့ခဲ့သည်များကို သင်ခန်းစာယူပြီး လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာကို ထိန်းသိမ်းစောင့်ရှောက်ကြကာ နိုင်ငံနှင့်လူမျိုးကိုချစ်သည့်စိတ်၊ ပြည်ထောင်စုစိတ်ဓာတ်များကိုအခြေခံကာ အချင်းချင်းစည်းလုံးညီညွတ်မှု၊ နားလည်ယုံကြည်မှုများဖြင့် ဒီမိုကရေစီပန်းတိုင်သို့ အရောက်လှမ်းနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားကြပါရန် တိုက်တွန်းအပ်ပါကြောင်း။ ။