Skip to main content

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ၂၀၂၆ ခုနှစ်၊ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာ

ချစ်ကြည်လေးစားရပါသော ပြည်ထောင်စုဖွားတိုင်းရင်းသားညီအစ်ကို မောင်နှမများခင်ဗျား

ယနေ့ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်သော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အခါသမယ၌ မိဘပြည်သူများနှင့် တိုင်းရင်းသားအားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာရွှင်လန်းပြီး ကျက်သရေမင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက် နှုတ်ခွန်းဆက်သအပ်ပါသည်။

မြန်မာနိုင်ငံသည် ရှေးနှစ်ပေါင်းများစွာကပင် တိုင်းရင်းသားလူမျိုးပေါင်းစုံ အေးအတူပူအမျှ သွေးစည်းညီညွတ်စွာ ယှဉ်တွဲနေထိုင်ခဲ့ကြသော အစဉ်အလာကြီးမားသည့် ပြည်ထောင်စုကြီးဖြစ်ပါသည်။ ကိုယ်ပိုင်ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း၊ ဘာသာစကားနှင့် ကိုးကွယ်ယုံကြည်မှုတို့ဖြင့် ကမ္ဘာ့အလယ်တွင် စည်းလုံးညီညွတ်စွာနှင့် ခန့်ညားထည်ဝါစွာ ရပ်တည်လာခဲ့သည့် နိုင်ငံဖြစ်ပါသည်။

ကမ္ဘာတစ်ဝန်း လွှမ်းမိုးကြီးစိုးလာခဲ့သည့် ကိုလိုနီစနစ်ဆိုးကြောင့် မြန်မာနိုင်ငံသည် ဗြိတိသျှနယ်ချဲ့တို့၏ သုံးကြိမ်တိုင်တိုင် ကျူးကျော်ခြင်းခံခဲ့ရပြီး ၁၈၈၅ ခုနှစ်တွင် နိုင်ငံတော်၏ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာကို လက်လွှတ်ဆုံးရှုံးခဲ့ရပါသည်။ နိုင်ငံ့စီးပွားအရင်းအမြစ်မှန်သမျှကို အရင်းရှင်နယ်ချဲ့နှင့်ဖက်ဆစ်တို့က သိမ်းပိုက်ပြီး အမျိုးမျိုးဖိနှိပ်အုပ်ချုပ်ခဲ့သည့်အတွက် မြန်မာပြည်သူများသည် သူ့ကျွန်ဘဝဖြင့် ဒုက္ခမျိုးစုံနှင့် ဆင်းရဲတွင်းနက်ခဲ့ကြပါသည်။

နယ်ချဲ့ဆန့်ကျင်ရေးနှင့် အမျိုးသားလွတ်မြောက်ရေးအတွက် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက အသက်သွေးချွေးများစွာစတေး၍ တိုက်ပွဲဝင်ခဲ့ကြသဖြင့် ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် မြန်မာ့လွတ်လပ်ရေးကို ပြန်လည်ရယူနိုင်ခဲ့ပြီး ကမ္ဘာ့အလယ်တွင် မြန်မာနိုင်ငံသည် လွတ်လပ်ပြီး အချုပ်အခြာအာဏာပိုင်စိုးသောနိုင်ငံအဖြစ် ရပ်တည်နိုင်ခဲ့သည်မှာ ယနေ့တွင် (၇၈)နှစ်တိုင်ခဲ့ပြီဖြစ်ပါသည်။

မြန်မာနိုင်ငံကို သူ့ကျွန်ဘဝမှလွတ်မြောက်စေကာ တိုင်းတစ်ပါး၏ လွှမ်းမိုးချုပ်ကိုင်မှုကင်းရှင်းပြီး နိုင်ငံ၏အရေးကိစ္စအဝဝကို ကိုယ်ပိုင်ဆုံးဖြတ်ဆောင်ရွက်နိုင်သည့် လွတ်လပ်ပြီး အချုပ်အခြာအာဏာပိုင်စိုးသော နိုင်ငံအဖြစ်သို့ ပြန်လည်‌ရောက်ရှိရန် နှစ်ပေါင်းတစ်ရာကျော် ခက်ခဲကြမ်းတမ်းစွာ တိုက်ပွဲဝင်ခဲ့ကြရပါသည်။ ကာလကြာရှည်စွာ ကြိုးစားရယူခဲ့ရသည့် လွတ်လပ်ရေးသည် လွဲမှားသည့်အတွေးအခေါ်၊ အယူအဆနှင့် လုပ်ဆောင်ချက်များကြောင့် တစ်ခဏအတွင်း လက်လွှတ်ဆုံးရှုံးရနိုင်သည်ကို ယခုအချိန်ကာလမျိုးတွင် သတိမူရမည်ဖြစ်ပါသည်။

ချစ်ကြည်လေးစားရပါသော ပြည်ထောင်စုဖွားတိုင်းရင်းသား ညီအစ်ကိုမောင်နှမများခင်ဗျား

နယ်ချဲ့တို့၏ သွေးခွဲအုပ်ချုပ်မှုကြောင့် ပေါ်ပေါက်လာခဲ့သော လက်နက်ကိုင်လမ်းစဉ်ချုပ်ငြိမ်းစေရန် ခေတ်အဆက်ဆက်အစိုးရများက နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းဆောင်ရွက်ခဲ့ကြပါသည်။ လူမျိုးစွဲ၊ ဝါဒစွဲ၊ အတ္တစွဲနှင့်ကိုယ်ကျိုးစီးပွား ရှေ့တန်းတင်မှုတို့ကြောင့် နိုင်ငံတော်တွင် လက်နက်ကိုင်ပဋိပက္ခများ၊ အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် နိုင်ငံပိုင်အခြေခံအဆောက်အအုံများနှင့် တိုင်းရင်းသားပြည်သူများ၏ အသက်အိုးအိမ်ပျက်စီးဆုံးရှုံးမှုများ ကြုံတွေ့ခဲ့ကြရပါသည်။ လက်နက်စွဲကိုင်ပြီး မဖြစ်သင့်မဖြစ်ထိုက်သည်များကို တောင်းဆိုခြင်း၊ လက်နက်ကိုင်လမ်းစဉ်ကို ဖက်တွယ်ပြီး လူမျိုးစွဲ၊ ဒေသစွဲကြီးမားစွာဖြင့် မိမိတို့ ၏ဆန္ဒကိုသာ ရှေ့တန်းတင်ဦးစားပေး ဖန်တီးဆောင်ရွက်နေမှုများသည် မိမိတို့၏ဒေသခံပြည်သူလူထုကို ဆင်းရဲတွင်းနက်စေရန် ဆောင်ရွက်နေခြင်းသာဖြစ်ပါသည်။ လက်ရှိဖြစ်ပေါ်နေသော သဘောထားကွဲလွဲမှုများနှင့် နိုင်ငံရေးပြဿနာများသည် ပြည်ထောင်စုကြီး အဓွန့်ရှည်စွာတည်တံ့ခိုင်မြဲရေးနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးတို့ကို ထိခိုက်စေနိုင်ကြောင်း သတိချပ်ကြရမည်ဖြစ်ပါသည်။

ယနေ့မျက်မှောက်ကာလတွင် တိုင်းရင်းသားညီအစ်ကိုများ စည်းလုံးညီညွတ်ပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မည်ကို မလိုလားသည့် ပြည်တွင်း၊ ပြည်ပ အဖျက်အမှောင့်အုပ်စုများက နည်းလမ်းပေါင်းစုံအသုံးပြု၍ နှောင့်ယှက်မှုအမျိုးမျိုးပြုလုပ်နေသည်မှာ အားလုံးအသိပင်ဖြစ်ပါသည်။

ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိသည်ဖြစ်ရာ ပြည်ထောင်စုဖွား တိုင်းရင်းသားအားလုံး “ရေကိုသား၍ အကြားမထင်” ဆိုသကဲ့သို့ စည်းလုံးညီညွတ်စွာဖြင့် နိုင်ငံ့အရေးကို ရှေးရှုဆောင်ရွက်ကြမှသာ အမျိုးသားအကျိုးစီးပွားကို ဖော်ဆောင်နိုင်သော တောင့်တင်းခိုင်မာသည့် နိုင်ငံတော်ကြီးအဖြစ် ရပ်တည်နိုင်မည်ဖြစ်ပါသည်။

သို့ဖြစ်၍ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက လွတ်လပ်ရေးကြီး အဓွန့်ရှည်ကြာ တည်တံ့ခိုင်မြဲစေရန် အလိုအပ်ဆုံးနှင့် အဖြစ်သင့်ဆုံးဖြစ်သည့် “ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး” တို့ကို အမျိုးသားရေးရည်မှန်းချက်၊ အမျိုးသားရေးတာဝန်အဖြစ် လေးနက်စွာခံယူပြီး ပြည်ထောင်စုစိတ်ဓာတ်အရင်းခံကာ အစဉ်တစိုက်ထိန်းသိမ်းစောင့်ရှောက်သွားကြရန် တိုက်တွန်းအပ်ပါသည်။

ချစ်ကြည်လေးစားရပါသော ပြည်ထောင်စုဖွားတိုင်းရင်းသား ညီအစ်ကိုမောင်နှမများခင်ဗျား

ယနေ့အချိန်အခါတွင် မိမိတို့နိုင်ငံ၏ ပကတိလိုအပ်ချက်သည် လက်နက်ကိုင်လမ်းစဉ်ချုပ်ငြိမ်းပြီး နိုင်ငံတစ်ဝန်း ထာဝရငြိမ်းချမ်းရေးပင်ဖြစ်ပါသည်။ ငြိမ်းချမ်းရေးသည် ပဋိပက္ခများမရှိခြင်းဟူသော သဘောတရားထက် ပိုမိုလေးနက်မှုရှိပြီး ပြဿနာများကို ငြိမ်းချမ်းစွာဖြေရှင်းတတ်ခြင်း၊ မတူကွဲပြားမှုကို လေးစားတတ်ခြင်းနှင့် တစ်ဦးကိုတစ်ဦး နားလည်သည်းခံခွင့်လွှတ်ခြင်းတို့အပေါ်တွင် အခြေခံပါသည်။ ငြိမ်းချမ်းရေးသဘောတရားနှင့် အမျိုးသားစည်းလုံးညီညွတ်ရေးတန်ဖိုးတို့ကို အမှန်တကယ်လက်ခံကျင့်သုံးမှသာ ငြိမ်းချမ်းရေးနှင့်အေးချမ်းသာယာမှုအသီးအပွင့်ကို အပြည့်အဝခံစားကြရမည် ဖြစ်ပါသည်။

ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်မှုသည် လူတစ်ဦးချင်းစီ၏ အသိဉာဏ်ပညာပြည့်ဝမှု၊ ဆင်ခြင်တုံတရားရှိမှု၊ တန်ဖိုးထားလေးစားတတ်မှုများပေါ်တွင် မူတည်ပါသည်။ ထို့ကြောင့် နိုင်ငံသားတိုင်း ဗလငါးတန်နှင့်ပြည့်စုံပြီး အသိပညာ၊ ဗဟုသုတနှင့် ဆင်ခြင်တုံတရားရရှိစေရေးအတွက် ပညာသင်ယူရာနေရာအသီးသီးမှအစပြု၍ လေ့ကျင့်ပျိုးထောင်ပြီး ငြိမ်းချမ်းရေးနှင့် အမျိုးသားရေးစိတ်ဓာတ်များ မွေးမြူကြရမည်ဖြစ်ပါသည်။

ပြည်ထောင်စုကြီးအတွင်း အယူအဆလွဲမှားမှုများကြောင့် ငြိမ်းချမ်းရေးကို ထိခိုက်ပျက်စီးစေလျက်ရှိသဖြင့် ပြည်ထောင်စုငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ပတ်သက်ဆက်နွှယ်သူများအားလုံးက အပြုသဘောဖြင့်ပါဝင်ရန် လိုအပ်ပါသည်။ ငြိမ်းချမ်းရေးကို အမှန်တကယ်လိုလားသည့်ဆန္ဒဖြင့် ငြိမ်းချမ်းစွာညှိနှိုင်းလိုမှု၊ အပြန်အလှန်နားလည်ယုံကြည်မှု၊ ပွင့်လင်းမြင်သာမှု၊ စိတ်ရှည်သည်းခံမှုများရှိကြမှသာ စစ်မှန်သည့်ထာဝရငြိမ်းချမ်းရေးကို ရေရှည်တည်တံ့ခိုင်မြဲအောင် တည်ဆောက်နိုင်မည်ဖြစ်ပါသည်။ နိုင်ငံ့အကျိုးအတွက်ဆောင်ရွက်ရာတွင် ညှိနှိုင်းဆွေးနွေးအဖြေရှာသည့် နိုင်ငံရေးယဉ်ကျေးမှုကို ပိုမိုခိုင်မာအားကောင်းစေရေး ဝိုင်းဝန်းဆောင်ရွက်ရန် လိုအပ်ပါသည်။

လက်နက်ကိုင်ပြဿနာများနှင့် ဆူပူအကြမ်းဖက်မှုများကြောင့် ထိခိုက်ဆုံးရှုံးမှုများသည် ဖွံ့ဖြိုးမှုအားနည်းသော တိုင်းဒေသကြီးများနှင့် ပြည်နယ်များတွင်သာ အများဆုံးဖြစ်ပေါ်နေကြောင်း တွေ့ရှိရပါသည်။ တည်ငြိမ်အေးချမ်းမှုရှိလျှင် ဒေသဖွံ့ဖြိုးတိုးတက်မှုရှိမည်ဖြစ်ပါသည်။ ပြည်တွင်းတည်ငြိမ်အေးချမ်းမှုရှိမှသာ တိုင်းပြည်သည် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စသည့်ကဏ္ဍစုံတွင်သာမက တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ဒေသစုံတွင်လည်း ဟန်ချက်ညီစွာ ဖွံ့ဖြိုးတိုးတက်နိုင်မည်ဖြစ်ပါသည်။

မြန်မာနိုင်ငံသည် သဘာဝသယံဇာတပေါကြွယ်ဝသည့်အပြင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအတွက် ကောင်းမွန်သော ရေခံ၊ မြေခံများ ရှိပြီးဖြစ်သည့်အတွက် တည်ငြိမ်အေးချမ်းမှုရှိလာပါက ခေတ်အဆက်ဆက်ဖွံ့ဖြိုးမှုနောက်ကျနေသည့် ဒေသများတွင် ကျေးလက်ဒေသများပါမကျန် ဖွံ့ဖြိုးတိုးတက်လာမည်မှာ မလွဲဧကန်ပင်ဖြစ်ပါသည်။ တည်ငြိမ်အေးချမ်းမှုအားနည်းခြင်းကြောင့် ဖွံ့ဖြိုးမှုနောက်ကျနေသည့် ဒေသခံပြည်သူလူထု၏ မျက်နှာကိုကြည့်ကာ သက်ဆိုင်သူအားလုံးက ထောက်ထားစာနာမှုဖြင့် ဝိုင်းဝန်းကြိုးပမ်းပေးကြရန် လိုအပ်ပါသည်။

ပြည်သူလူထုတစ်ရပ်လုံး လိုလားတောင့်တသည့် နိုင်ငံတော်အေးချမ်းသာယာရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ ကမ္ဘာ့နိုင်ငံများနှင့် ရင်ပေါင်တန်းနိုင်ရေး၊ ထာဝရငြိမ်းချမ်းရေးတို့အတွက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA)ပါ ကတိကဝတ်များအတိုင်း လေးစားလိုက်နာပြီး သက်ဆိုင်သူများအားလုံး ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ပါသည်။

သို့ဖြစ်၍ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုများကို ဖော်ဆောင်နိုင်ရန် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ပြည်ထောင်စုငြိမ်းချမ်းရေးကို ဦးတည်ကြိုးပမ်းဆောင်ရွက်ကြပါရန် တိုက်တွန်းအပ်ပါသည်။

ချစ်ကြည်လေးစားရပါသော ပြည်ထောင်စုဖွားတိုင်းရင်းသား ညီအစ်ကိုမောင်နှမများခင်ဗျား

၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲမဲမသမာမှုကြောင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှစ၍ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)နှင့်အညီ နိုင်ငံတော်ကို အရေးပေါ်အခြေအနေကြေညာခဲ့ရပြီး နိုင်ငံတော်တာဝန်များကို တပ်မတော်က ခေတ္တထိန်းသိမ်းရယူ ခဲ့ရပါသည်။ ထိုသို့ တာဝန်ယူစဉ်ကာလအတွင်း ပြည်ထောင်စုတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေးနှင့် ကဏ္ဍအသီးသီးတွင် ဖွံ့ဖြိုးတိုးတက်မှုရှိစေရေး ဦးတည်ချက်များနှင့် ရှေ့လုပ်ငန်းစဉ်များချမှတ်၍ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါသည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို အသစ်ပြန်လည်ဖွဲ့စည်းပြီး မဲစာရင်းစစ်ဆေးခြင်းများအပါအဝင် လွတ်လပ်၍ တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ စနစ်တကျပြန်လည်ကျင်းပနိုင်ရန် အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်ခဲ့ပါသည်။

ပြည်လုံးကျွတ်လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ ကောက်ယူခဲ့ပြီး ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်စာရင်းမှန်ကန်စေရေးအတွက် မဲပေးပိုင်ခွင့်ရှိသူ စာရင်းပြုစုခြင်းကို အလေးထားဆောင်ရွက်ခဲ့ပါသည်။ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေကို ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့ပါသည်။

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၁)ကို ဥပ‌ဒေနှင့်အညီ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီးဖြစ်သည့်အပြင် လာမည့် ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ရွေးကောက်ပွဲအပိုင်း(၂)ကို ကျင်းပမည်ဖြစ်ကာ ရွေးကောက်ပွဲအပိုင်း(၃)ကိုလည်း သတ်မှတ်ရက်အတိုင်း ဆက်လက်ကျင်းပသွားမည်ဖြစ်ပါသည်။ ရွေးကောက်ပွဲတွင် မဲဆန္ဒရှင်များ၏ လျှို့ဝှက်မဲပေးခြင်းကို အာမခံချက်အပြည့်ရှိစေရန် မြန်မာအီလက်ထရောနစ်မဲပေးစက် Myanmar Electronic Voting Machine (MEVM) ကို အသုံးပြုလျက်ရှိပါသည်။

မဲအများဆုံးရသူ အနိုင်ယူစနစ် (FPTP)နှင့် ရောနှောထားသော ကိုယ်စားလှယ်အချိုးကျစနစ် (MMP) များကျင့်သုံးပြီး တရားမျှတမှု၊ မြင့်မားသောဆန္ဒမဲခွဲဝေမှုနှင့် ပေါင်းစပ်တည်ငြိမ်မှုကောင်းသော အစိုးရအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ရွေးကောက်ပွဲရလဒ်များအရ ပေါ်ထွက်လာမည့် အစိုးရအား ဒီမိုကရေစီစံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်များကို လွှဲအပ်သွားမည် ဖြစ်ပါသည်။

တိုင်းရင်းသားများ၏ ဆန္ဒနှင့်လိုလားချက်များကို ဒီမိုကရေစီ နည်းလမ်းတကျဆောင်ရွက်ပေးနိုင်ရန် လွှတ်တော်အတွင်း တိုင်းရင်းသားကိုယ်စားလှယ်များ စုံစုံညီညီရောက်ရှိလာရန် လိုအပ်ပါသည်။ သို့မှသာ လူမျိုးစုအလိုက် လိုလားချက်များ၊ ရည်မှန်းချက်များကို ပွင့်လင်းမြင်သာစွာဆွေးနွေးကာ စုပေါင်းဆုံးဖြတ် အကောင်အထည်ဖော်နိုင်မည်ဖြစ်ပါသည်။ တိုင်းရင်းသားညီအစ်ကို မောင်နှမများအနေဖြင့်လည်း မိမိတို့အကျိုးစီးပွားကို အမှန်တကယ်ဆောင်ရွက်သယ်ပိုးနိုင်မည့်၊ မိမိလူမျိုး၊ မိမိဒေသနှင့်နိုင်ငံ့အကျိုးအလေးထားမည့် ပုဂ္ဂိုလ်များကို ရွေးချယ်သွားနိုင်ကြရန် လိုအပ်ပါသည်။ လွတ်လပ်မှုနှင့် တရားမျှတမှုကို ဥပ‌ဒေ၊ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ရယူအသုံးချပြီး ဆင်ခြင်တုံတရားဖြင့် ဆုံးဖြတ်ကာ မဲပေးသည့်အလေ့အထကို ဒီမိုကရေစီစနစ် ထွန်းကားရှင်သန်ရေးအတွက် လေ့ကျင့်မွေးမြူကြရမည်ဖြစ်ပါသည်။

သို့ဖြစ်၍ နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွား ရေရှည်တိုးတက်စေရေးကို အလေးထားပြီး ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုဖြင့် လွတ်လပ်မှုနှင့်တရားမျှတမှုကို ဥပ‌ဒေစည်းမျဉ်းစည်းကမ်းများနှင့်အညီ ရယူအသုံးချလျက် စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ကို အပြည့်အဝအကောင်အထည်ဖော်ကြပါရန် တိုက်တွန်းအပ်ပါသည်။

ချစ်ကြည်လေးစားရပါသော ပြည်ထောင်စုဖွားတိုင်းရင်းသား ညီအစ်ကိုမောင်နှမများခင်ဗျား

နိုင်ငံဖွံ့ဖြိုးတိုးတက်မှုသည် နိုင်ငံ၏ စီးပွားရေးအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်မှုအပေါ် မူတည်ပါသည်။ အသေးစား၊ အငယ်စားနှင့် အလတ်စား (MSME) စီးပွားရေးလုပ်ငန်းများမှတစ်ဆင့် ဒေသတွင်း ဝင်ငွေတိုးစေရေးကိုလည်း အားပေးမြှင့်တင်ဆောင်ရွက်လျက်ရှိပါသည်။ ပြည်တွင်းသုံးစွဲမှုဖူလုံရေး၊ သွင်းကုန်အစားထိုးရေး၊ ပြည်ပ‌ဈေးကွက်သို့ ထိုးဖောက်တင်ပို့ရေးတို့အတွက် ဒေသတွင်းထွက်ရှိသော ကုန်ကြမ်းကိုအခြေခံသည့် MSME လုပ်ငန်းများ၏ ထုတ်လုပ်မှု၊ ကုန်သွယ်မှု၊ ဝန်ဆောင်မှု စသည့် ကဏ္ဍအသီးသီးတွင် ထိရောက်စွာ ပံ့ပိုးပေးလျက်ရှိပါသည်။ စီးပွားရေးမြှင့်တင်ရာတွင် ကုန်ထုတ်လုပ်မှုစွမ်းဆောင်ခြင်းသည် အရေးကြီးပါသည်။ ကုန်ထုတ်လုပ်မှုမှ ရောင်းကုန်မြှင့်တင်နိုင်ပါသည်။ သို့ဖြစ်၍ ကုန်ထုတ်လုပ်မှုအားပေးဆောင်ရွက်ရန်လိုသဖြင့် “နိုင်ငံတော်ရွှေသီးဖို့ ကုန်ထုတ်လုပ်မှုအားပေးစို့” ဆောင်ပုဒ်နှင့်အညီ ဆောင်ရွက်လျက်ရှိပါသည်။

အလားတူ နိုင်ငံတော်အစိုးရအနေဖြင့် MSME လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် နိုင်ငံတကာဈေးကွက်သို့ ပိုမိုချိတ်ဆက်နိုင်ရန်အတွက် နည်းပညာအသုံးပြုမှုများ၊ ဒစ်ဂျစ်တယ်ဈေးကွက်နှင့် ဆက်သွယ်မှု၊ အစိုးရနှင့်ပုဂ္ဂလိကကဏ္ဍပူးပေါင်းမှု၊ ချေးငွေနှင့်နည်းပညာ ပံ့ပိုးမှုတို့ကို တိုးမြှင့်ဆောင်ရွက်ပေးလျက်ရှိပါသည်။

ပြည်တွင်းထွက်ကုန်ပစ္စည်းများကို နိုင်ငံအတွင်း စားရေရိက္ခာဖူလုံမှုအတွက် အဓိကထား ထုတ်လုပ်ရမည်ဖြစ်ပြီး ထိုမှတစ်ဆင့် တန်ဖိုးမြှင့်ထုတ်ကုန်များကို ပြည်ပသို့တင်ပို့ရောင်းချခြင်းဖြင့် နိုင်ငံတော်၏ ပို့ကုန်ကဏ္ဍမြှင့်တင်ရေးကို အလေးထားဆောင်ရွက်သွားကြရမည်ဖြစ်ပါသည်။

ဒေသတစ်ခု ထုတ်ကုန်တစ်ခု (One Region-One Product) စီမံကိန်းချမှတ်၍ ဒေသအလိုက် သဘာဝထွက်ကုန်များကိုအသုံးပြုပြီး ခေတ်မီနည်းစနစ်များဖြင့် နိုင်ငံ၏ကုန်ထုတ်လုပ်မှုကဏ္ဍ တိုးတက်လာစေရန်နှင့် နိုင်ငံခြားသွင်းကုန် အစားထိုးထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်သွားကြရမည် ဖြစ်ပါသည်။

နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးကို အသိပညာ၊ အတတ်ပညာရှိသူများဖြင့်သာ တည်ဆောက်နိုင်မည် ဖြစ်ပါသည်။ ထို့ကြောင့် နိုင်ငံသားတိုင်း အနည်းဆုံး KG+9 ပြီးမြောက်အောင်မြင်သည်အထိ ပညာသင်ယူခွင့်ရရှိရေးအတွက် အခမဲ့ပညာရေးစနစ်နှင့် ဘက်စုံပညာရေးစနစ်ကို ကျင့်သုံးလျက်ရှိပါသည်။ ဆရာဆရာမများ တိုးမြှင့်ခန့်ထားရေးနှင့် လိုအပ်သောစာသင်ဆောင်များ၊ စာကြည့်တိုက်များ၊ သင်ထောက်ကူပစ္စည်းများ၊ ရေသန့်စက်များ၊ အားကစားကွင်းများ ဖြည့်ဆည်းပေးလျက်ရှိပါသည်။ KG+9 ပြီးမြောက်အောင်မြင်သူများ အသက်မွေးဝမ်းကျောင်းမှုပညာများ သင်ယူနိုင်ရန် အခြေခံပညာနှင့်စက်မှု၊ စိုက်ပျိုး၊ မွေးမြူ‌ရေးအထက်တန်းကျောင်း ၈၉ ကျောင်းကိုလည်း ဖွင့်လှစ်ထားရှိပြီး လူသားအရင်းအမြစ်များကို မွေးထုတ်ပေးလျက်ရှိပါသည်။ ကျောင်းနေအရွယ်လူငယ်တိုင်း ကျောင်းနေရေး၊ အချိန်မတိုင်မီကျောင်းထွက်မှုမရှိရေး၊ ပညာရေးကိုဆုံးခန်းတိုင်သင်ယူပြီး ကျွမ်းကျင်သူများ၊ ပညာရှင်များ၊ ပါရဂူများဖြစ်အောင် သင်ကြားသင်ယူ မွေးထုတ်ပေးနိုင်ကြရန် တိုက်တွန်းမှာကြားလိုပါသည်။

နိုင်ငံသားတိုင်း ကျန်းမာကြံ့ခိုင်ရေးအတွက် ရောဂါကြိုတင်ကာကွယ်ရေး၊ ရောဂါဖြစ်ပွားလာပါက အရည်အသွေးပြည့်ဝသည့် ဆေးဝါးကုသမှုပေးနိုင်ရေးနှင့် “ဆေးရုံတိုင်း ဆရာဝန်ရှိရမည်” ဟူသော မူဝါဒနှင့်အညီ ဆေးရုံများတွင် ကျန်းမာရေးဝန်ထမ်းများ လုံလောက်စေရေး ဖြည့်ဆည်းပေးလျက်ရှိပါသည်။ လူသားအားလုံးအတွက် ပညာရေးနည်းတူ ကျန်းမာရေးသည်လည်း အဓိကကျသဖြင့် လူတိုင်းအသက်ရှည်ကျန်းမာအောင် ကိုယ်တိုင်ကျင့်ကြံနေထိုင်ကြရန်နှင့် ကျန်းမာရေးစောင့်ရှောက်မှု၊ ကုသမှု၊ အသိပညာပေးမှုများကိုလည်း မြှင့်တင်ဆောင်ရွက်ပေးကြရန် လိုအပ်မည်ဖြစ်ပါသည်။

ချစ်ကြည်လေးစားရပါသော ပြည်ထောင်စုဖွားတိုင်းရင်းသား ညီအစ်ကိုမောင်နှမများခင်ဗျား

၂၀၂၆ ခုနှစ်၊ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုးသားရေး ဦးတည်ချက် (၄)ရပ်ဖြစ်သော-

- ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးတို့သည် အလိုအပ်ဆုံးနှင့်အဖြစ်သင့်ဆုံး အမျိုးသားရေးရည်မှန်းချက်၊ အမျိုးသားရေးတာဝန်ဖြစ်သည့်အတွက် နိုင်ငံသားအားလုံးက ထိန်းသိမ်းစောင့်ရှောက်ရေး၊

- ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုများကို ဖော်ဆောင်နိုင်ရန် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ပြည်ထောင်စုငြိမ်းချမ်းရေးကို ဦးတည်ကြိုးပမ်းဆောင်ရွက်ရေး၊

- လွတ်လပ်မှုနှင့် တရားမျှတမှုကို ဥပ‌ဒေစည်းမျဉ်းစည်းကမ်းများနှင့်အညီ ရယူအသုံးချပြီး စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ကို အပြည့်အဝအကောင်အထည်ဖော်ရေး၊

- ဒေသအလိုက် သဘာဝထွက်ကုန်များကို အခြေခံကာ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း (MSME) များကို အားပေးမြှင့်တင်၍ အခြားစီးပွားရေးကဏ္ဍများကိုလည်း တိုးတက်အောင်ဆောင်ရွက်ရေး၊

စသည်တို့ကို တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက ခိုင်မာသည့် သန္နိဋ္ဌာန်ဖြင့် ကျရာအခန်းကဏ္ဍမှ စည်းလုံးညီညွတ်စွာ တက်ညီလက်ညီအကောင်အထည်ဖော်ဆောင်ရွက်ကြပါရန် တိုက်တွန်းနှိုးဆော်လျက် သဝဏ်လွှာပေးပို့အပ်ပါသည်။

ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ

သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ

ဥက္ကဋ္ဌ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်