Skip to main content

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အတွက် ပြည်ပနိုင်ငံအကြီးအကဲများက ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့

နေပြည်တော် ဇန်နဝါရီ ၄

၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အခါသမယအတွက် ပြည်ပနိုင်ငံအသီးသီးမှ နိုင်ငံအကြီးအကဲများက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေတို့ထံ ဝမ်းမြောက်ကြောင်း သဝဏ်လွှာများ အသီးသီးပေးပို့ကြပါသည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံသို့ နီပေါနိုင်ငံ သမ္မတ မစ္စတာ ရမ်ချန်ဒရာ ပေါ်ဒဲလ်ထံမှ ပေးပို့သည့် ဝမ်းမြောက်ကြောင်း သဝဏ်လွှာ

မြန်မာနိုင်ငံ၏ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အခါသမယအတွက် မိမိအနေဖြင့် အဆွေတော်နှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ပြည်သူများထံ ဂုဏ်ယူဝမ်းမြောက်ပါကြောင်းနှင့် ဆုမွန်ကောင်းတောင်းအပ်ပါကြောင်း ဖော်ပြအပ်ပါသည်။ မြန်မာနိုင်ငံ ပြည်သူများ ဆက်လက်တိုးတက်၍ သာယာဝပြောပါစေကြောင်း မိမိအနေဖြင့် ဆုမွန်ကောင်းတောင်းအပ်ပါသည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံသို့ ဘရူနိုင်းဒါရူဆလမ်နိုင်ငံ ဘုရင်မင်းမြတ် ဆူလ်တန် ဟာဂျီ ဟာဆာနာလ် ဘိုလ်ကီးယား မူအစ်ဇာဒင် ဝါဒူလာ ထံမှပေးပို့သည့် ဝမ်းမြောက်ကြောင်း သဝဏ်လွှာ

၂၀၂၆ ခုနှစ်၊ နှစ်သစ်အခါသမယတွင် နွေးထွေးလှိုက်လှဲစွာ နှုတ်ခွန်းဆက်သအပ်ပါကြောင်းနှင့် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အခါသမယတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံပြည်သူများအား ဂုဏ်ယူဝမ်းမြောက်ပါကြောင်း မိမိအနေဖြင့် ပြောကြားလိုပါသည်။

မိမိတို့နှစ်နိုင်ငံအကြား အပြန်အလှန်အကျိုးဖြစ်ထွန်းစေသည့် ကဏ္ဍများ၌ နွေးထွေး၍ ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးကို ဆက်လက်ထူထောင်ထားရှိပါသည်။ မိမိအနေဖြင့် ယခုကဲ့သို့ အလွန်တန်ဖိုးထားရသည့် နှစ်နိုင်ငံဆက်ဆံရေး ပိုမိုခိုင်မာစေရန်နှင့် ဒေသတွင်း မိတ်ဖက်နိုင်ငံများအနေဖြင့် ဒေသတွင်း ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် တည်ငြိမ်ရေးတို့ကို မြှင့်တင်နိုင်ရေးအတွက် မျှော်လင့်ပါသည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အား ငြိမ်းချမ်းသာယာ တိုးတက်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေထံသို့ ဘရူနိုင်းဒါရူဆလမ်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး -၂ ဒါတို ဆရီ ဆတီယာ ဟာဂျီ အယ်ရီဝမ် ဘင် ပီဟင် ဒါတူ ပီကာမာ ဂျာယာ ဟာဂျီ မိုဟာမက် ယူဆွတ် ထံမှ ပေးပို့သည့် ဝမ်းမြောက်ကြောင်း သဝဏ်လွှာ

(၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အခါသမယတွင် အဆွေတော်နှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ပြည်သူများအား နွေးထွေးလှိုက်လှဲစွာ ဂုဏ်ယူဝမ်းမြောက်ပါကြောင်း မိမိအနေဖြင့် ပြောကြား လိုပါသည်။

ဘရူနိုင်းဒါရူဆလမ်နိုင်ငံနှင့် မြန်မာနိုင်ငံအကြား နှစ်ကာလရှည်ကြာ နွေးထွေးပြီး ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးအား ထူထောင်ထားရှိပါသည်။ ဇန်နဝါရီလအတွင်း ဘရူနိုင်း ဒါရူဆလမ်နိုင်ငံသို့ လာရောက်ခဲ့သည့် အဆွေတော်၏ တရားဝင်ခရီးစဉ်အတွင်း မိမိတို့အနေဖြင့် နှစ်နိုင်ငံဆက်ဆံရေး၊ အထူးသဖြင့် ကုန်သွယ်ရေးနှင့် ပြည်သူအချင်းချင်းဆက်ဆံရေး တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် အကျိုးရှိသည့် ဆွေးနွေးမှုများပြုလုပ်နိုင်ခဲ့ပါသည်။ ယခုကဲ့သို့ အရေးပါသည့် ဆက်ဆံရေးအား နှစ်နိုင်ငံချင်းနှင့် အာဆီယံမိသားစုဝင်နိုင်ငံများ အနေဖြင့် ပိုမိုနက်ရှိုင်းခိုင်မာလာစေရေးအတွက် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားရန် မျှော်လင့်ပါသည်။

သာယာဝပြောသော နှစ်သစ်ဖြစ်ပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါသည်။