Skip to main content

ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေ စီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့ (၃/၂၀၂၅ - ၂၀၂၆) ကြိမ်မြောက်စည်းဝေး

နေပြည်တော် ဇန်နဝါရီ ၁၀

ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေစီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့၏ (၃/၂၀၂၅-၂၀၂၆) ကြိမ်မြောက် အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပြည်တွင်းအခွန်များဦးစီးဌာန ရုံးအမှတ် (၄၆) အစည်းအဝေးခန်းမ၌ကျင်းပသည်။

အစည်းအဝေးသို့ လုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်း၊ လုပ်ငန်းအဖွဲ့ဝင်များဖြစ်ကြသည့် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့မှ အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံဘဏ်များအသင်းဥက္ကဋ္ဌ၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)၊ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံဆီစက်ပိုင်ရှင်များအသင်းတို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ဒုတိယဝန်ကြီးက ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေအစီအစဉ်ကို ကျယ်ကျယ်ပြန့်ပြန့်နှင့် ထိရောက်စွာ ပိုမိုထုတ်ချေးနိုင်ရေးအတွက် မြန်မာ့စီးပွားရေးဘဏ်နှင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ဘဏ်နှစ်ဘဏ်သာမက ပုဂ္ဂလိကဘဏ် ၁၄ ဘဏ်ကိုလည်း PFI ဘဏ်များအဖြစ် ပါဝင်ဆောင်ရွက်ခွင့် ပြုခဲ့ပြီးဖြစ်ကြောင်း၊ PFI ဘဏ် များအနေဖြင့် ဆီစက်ဖွံ့ဖြိုးရေး ချေးငွေ ပိုမိုမြန်ဆန်စွာထုတ်ချေးနိုင်ရေးဆောင်ရွက်ကြရန်၊ မိမိတို့ ထုတ်ချေးပေးထားသည့် ချေးငွေများ ထိရောက်စွာအသုံးပြုမှုရှိ၊ မရှိကိုလည်း စဉ်ဆက်မပြတ် စစ်ဆေးသုံးသပ်ဆောင်ရွက်ရန် လိုအပ်သကဲ့သို့ လုပ်ငန်းရှင်များက ပြန်လည်ပေးသွင်းရန် အချိန်စေ့ရောက်သည့် ချေးငွေအရင်း၊ အတိုးများကို ပုံမှန်ပေးဆပ်စေရေးကြိုးပမ်းဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေစီမံခန့်ခွဲမှု လုပ်ငန်းအဖွဲ့အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များက ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေထုတ်ချေးမှုနှင့် အချိန်စေ့ငွေများကို ပြန်လည်ကောက်ခံရရှိမှုနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို ဝိုင်းဝန်းအကြံပြုဆွေးနွေးတင်ပြခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်