တိပိဋကဓရ တိပိဋကကောဝိဒရွေးချယ်ရေး စာမေးပွဲကြီးကို (၁) ဗုဒ္ဓသာသနာတော်အတွင်း၌ ဘုန်းကံပါရမီထူး၊ ဉာဏ်ပညာထူးနှင့်ပြည့်စုံသော ပုဂ္ဂိုလ်ထူးတို့ကိုဖော်ထုတ်ရေး။ (၂) ပရိယတ္တိသာသနာတော်ကြီးကို အားပေးချီးမြှောက်ရာတွင် အထက်တန်းအကျဆုံးချီးမြှောက်ရေး။ (၃) သာသနာတော်တွင်း၌ ဓမ္မစေတီထိုက်သော ပိဋကတ်အာဂုံဆောင် ပုဂ္ဂိုလ်ထူးဖော်ထုတ်ရေးဟူသော ရည်ရွယ်ချက်ဖြင့် မြန်မာသက္ကရာဇ် ၁၃၁၀ ပြည့်နှစ်၊ ခရစ်နှစ် ၁၉၄၈ ခုနှစ်မှစ၍ ကျင်းပခဲ့ခြင်းဖြစ်သည်။
ဒုလ္လဘအာဇာနည်ပုဂ္ဂိုလ်ထူးဟူ၍ဆိုရမည့် တိပိဋကဓရ ပုဂ္ဂိုလ်များပေါ်ပေါက်လာအောင် အားထုတ်ဆောင်ရွက်ရပါက ထူးခြားလှသည့် ဒုလ္လဘကုသိုလ်တရားများ ဖြစ်ပွားလိမ့်မည်ဟူသော ယုံကြည်မှုဖြင့် တိပိဋကစာပြန်ပွဲကျင်းပရန် ဦးစွာအကြံအစည်ဖြစ်ခဲ့သူမှာ သူဌေးကြီး ဆာဦးသွင်ဖြစ်ပြီး သက္ကရာဇ် ၁၃၀၄ ခုနှစ်မှစကာ ကြံစည်ကြိုးပမ်းခဲ့သော်လည်း အထမမြောက်ခဲ့။ ယင်းနောက် သာသနာတော် ၂၅၀၀ ပြည့်နှစ်အမီ မြန်မာနိုင်ငံ၌ ဆဋ္ဌသင်္ဂါယနာတင်ပွဲကြီးကျင်းပရန် ဆာဦးသွင်ဦးဆောင်သော ဗုဒ္ဓသာသနနုဂ္ဂဟအဖွဲ့ကြီးက နိုင်ငံတော်သို့တင်ပြခဲ့ရာ နိုင်ငံတော်က ဆဋ္ဌသင်္ဂါယနာတင်ရေးအတွက် အခြားထေရဝါဒဗုဒ္ဓဘာသာနိုင်ငံများနှင့် ညှိနှိုင်းခဲ့သည်။ ထေရဝါဒဗုဒ္ဓဘာသာ (၅)နိုင်ငံတို့က ဆဋ္ဌသင်္ဂါယနာတင်ရန် မြန်မာနိုင်ငံတွင် ပိဋကတ်သုံးပုံဆောင်ပုဂ္ဂိုလ် ရှိပါသလားဟု မေးမြန်းခဲ့ရာ ဗုဒ္ဓသာသနနုဂ္ဂဟအဖွဲ့ကြီးသည် တိပိဋကဓရရွေးချယ်ရေးအဖွဲ့ကြီးကို ဖွဲ့စည်း၍ ပိဋကတ်သုံးပုံဆောင် သာသနာ့အာဇာနည်များပေါ်ထွန်းရေး ကြိုးပမ်းဆောင်ရွက်ခဲ့သည်။ သို့ဖြင့် တိပိဋကဓရတိပိဋက ကောဝိဒရွေးချယ်ရေးစာမေးပွဲကြီး စတင်ပေါ်ပေါက်လာခဲ့သည်။
တိပိဋကဓရ တိပိဋကကောဝိဒဖြေဆိုမည့်ပုဂ္ဂိုလ်သည် ပါဠိပထမပြန်စာမေးပွဲ ပထမကြီးတန်း သို့မဟုတ် ဝိနယဝိဒူတန်း သို့မဟုတ် သာမဏေကျော် တတိယဆင့် သို့မဟုတ် စေတိယင်္ဂဏနှင့် သကျသီဟ စာမေးပွဲစာသင်တန်းတစ်ခုခုကို အောင်မြင်ပြီးသူ ရဟန်းတော်များနှင့် သာမဏေများ ဖြစ်ရမည်ဖြစ်သည်။ စာမေးပွဲကို နှစ်စဉ် ဒီဇင်ဘာလ နောက်ဆုံးပတ်မှ ဇန်နဝါရီလ တတိယပတ်အထိ ၃၃ ရက်ကြာ ဖြေဆိုကြရသည်။ တိပိဋကဓရ တိပိဋကကောဝိဒဘွဲ့ရရှိရန် အာဂုံပြန်ဖြေဆိုခြင်း ၅ ဆင့်နှင့် သဘောရေးဖြေ ၅ ဆင့် စုစုပေါင်း ၁၀ ဆင့်ကို အောင်မြင်စွာ ဖြေဆိုကြရသည်။ အာဂုံပြန်အပိုင်းတွင် ဝိနယပိဋက ဝိနည်းပထမပိုင်းနှစ်ကျမ်း (စာမျက်နှာ ၈၅၁ မျက်နှာ)၊ ဝိနယ ပိဋက ဝိနည်းဒုတိယပိုင်း သုံးကျမ်း (စာမျက်နှာ ၁၄၀၉ မျက်နှာ)၊ သုတ္တန္တပိဋက ဒီဃနိကာယ် သုံးကျမ်း (စာမျက် နှာ ၇၇၉ မျက်နှာ)၊ အဘိဓမ္မပိဋက အဘိဓမ္မာပထမပိုင်း ငါးကျမ်း (စာမျက်နှာ ၁၃၉၀ မျက်နှာ)၊ အဘိဓမ္မပိဋကအဘိဓမ္မာ ဒုတိယပိုင်း နှစ်ကျမ်း (စာမျက်နှာ ၃၅၉၇ မျက်နှာ) စုစုပေါင်းစာမျက်နှာ ၈၀၂၆ မျက်နှာကို အာဂုံပြန်ဆိုကြရခြင်း ဖြစ်သည်။
အာဂုံပြန်ဆိုရာတွင် တစ်ကျမ်းလျှင်သုံးရက်နှုန်း၊ တစ်ရက်လျှင် နံနက်ပိုင်းလေးကြိမ်၊ ညနေပိုင်းငါးကြိမ် စုစုပေါင်းကိုးကြိမ်ပြန်ဆိုကြရသည်။ တစ်ကြိမ်လျှင် ၂၅ မိနစ် ပြန်ဆို၍ ၁၀ မိနစ် နားခွင့်ရှိသည်။ တစ်နေ့တာအတွက် ငါးကြိမ်ထောက်မပေးခွင့်ရှိပြီး ငါးကြိမ်ထက်ကျော်လွန်ထောက်မပေးရပါက ကျရှုံးသည်ဟု သတ်မှတ်သည်။ စာအထောက်အမလွတ်၍ သန့်ရှင်းထူးကဲစွာပြန်ဆိုနိုင်သည့် ပုဂ္ဂိုလ်များကို “ဝိသိဋ္ဌ” အထူးအောင်အဖြစ်သတ်မှတ်သည်။ သို့ဖြစ်ရာ တိပိဋကဓရ တိပိဋကကောဝိဒရွေးချယ်ရေး စာမေးပွဲကြီးသည် ကမ္ဘာပေါ်တွင် အရှည်ကြာဆုံးနှင့် အောင်မြင်ရန် အခက်ခဲဆုံးစာမေးပွဲကြီးဖြစ်ပြီး မြတ်စွာဘုရားဟောကြားတော်မူခဲ့သည့် ပိဋကသုံးပုံကို သဘောတရားနှင့်တကွ နှုတ်ငုံဆောင်နိုင်သည့် သာသနာ့အာဇာနည်ပုဂ္ဂိုလ်ထူးများ ပေါ်လာရန်မှာလည်း ဒုလ္လဘအဖြစ်ထူးပင်ဖြစ်သည်။ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်မှ ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၂၂ ရက်အထိ ကျင်းပခဲ့သည့် (၇၈)ကြိမ်မြောက် တိပိဋကဓရ တိပိဋက ကောဝိဒရွေးချယ်ရေးစာမေးပွဲကြီးမှ (၁၈)ပါးမြောက် တိပိဋက ဆရာတော်တစ်ပါး ထပ်မံပေါ်ထွန်းလာခဲ့ပြီဖြစ်သည်။ (၇၇) ကြိမ်မြောက် တိပိဋကစာမေးပွဲတွင်လည်း တိပိဋကဆရာတော်တစ်ပါး ပေါ်ထွန်းခဲ့ခြင်းဖြစ်ရာ နှစ်နှစ်ဆက်တိုက် ပေါ်ထွန်းခြင်းပင်ဖြစ်သည်။
(၇၈)ကြိမ်မြောက် တိပိဋကရွေးချယ်ရေးစာမေးပွဲမှ ထွက်ပေါ်လာသည့် (၁၈)ပါးမြောက် သာသနာ့အာဇာနည် အရှင်သူမြတ်မှာ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်၊ တိပိဋက မဟာဂန္ထဝင် နိကာယ်ကျောင်းတိုက်မှ အရှင်ဝိစိတ္တသာရ၊ သက်တော် ၅၁ နှစ်၊ သိက္ခာတော် ၃၁ ဝါ ဖြစ်သည်။ အောင်မြင်ရန်ခက်ခဲလှသည့် တိပိဋကရွေးချယ်ရေးစာမေးပွဲကြီးကို အောင်မြင်ကာ သာသနာ့အာဇာနည်ပုဂ္ဂိုလ်တစ်ပါး ပေါ်ထွန်းလာခြင်း၊ တစ်နှစ်ပြီးတစ်နှစ် နှစ်မခြားဘဲ သာသနာ့အာဇာနည်ပုဂ္ဂိုလ် တစ်ပါးပြီးတစ်ပါး နှစ်နှစ်ဆက်တိုက် ပေါ်ထွန်းလာခဲ့ခြင်းတို့သည် သာသနာ့နွယ်ဝင် သူတော်စင်တို့အတွက် ကုသိုလ်တရားပွားများစေပြီး ဗုဒ္ဓမြတ်စွာသာသနာကို ပိုမိုထွန်းလင်းတောက်ပစေသည့်အဖြစ်ထူးနှင့် ကြုံတောင့်ကြုံခဲထူးခြားစွာ ကြုံရခြင်းပင်ဖြစ်ပါကြောင်း။ ။
