Skip to main content

ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော် ဆုချီးမြှင့်ခြင်းနှင့် ပိတ်ပွဲအခမ်းအနား ကျင်းပ

နေပြည်တော် ဖေဖော်ဝါရီ ၁၄

ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော် ဆုချီးမြှင့်ခြင်းနှင့် ပိတ်ပွဲအခမ်းအနားကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရင်ပြင်၌ ကျင်းပရာ ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ဒုတိယဥက္ကဋ္ဌ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ဆပ်ကော်မတီဝင် ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ပြည်နယ်အေဂျင်စီဥက္ကဋ္ဌများ၊ နေပြည်တော်ကောင်စီဝင်၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ ဆက်စပ်ဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆုရရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက ယခုနှစ်ကျင်းပသည့် ပြပွဲနှင့်ဈေးရောင်းပွဲတော်တွင် ဆုအမျိုးအစား ခြောက်မျိုးဖြစ်သည့် လယ်ယာသုံးပစ္စည်းများအတွက် အကောင်းဆုံးဆု၊ တန်ဖိုးမြှင့်ထုတ်ကုန်နှင့် ထုပ်ပိုးမှုအကောင်းဆုံးဆု၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းသည့် ထုတ်ကုန်ဆု၊ ယခင်နှစ် ဆုရရှိသူများမှ တိုးတက်မှုအကောင်းဆုံးဆု၊ သွင်းကုန်အစားထိုးထုတ်ကုန်ဆု၊ ဆန်းသစ်တီထွင်မှုအကောင်းဆုံးဆုတို့ကို ချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း၊ ပြပွဲနှင့် ဈေးရောင်းပွဲတော်ကျင်းပနေစဉ်ကာလအတွင်း ဝန်ကြီးဌာနများနှင့် ပုဂ္ဂလိကချိတ်ဆက်အသိပညာပေးဆွေးနွေးပွဲ (၃၆) ကြိမ် ကျင်းပပြုလုပ်နိုင်ခဲ့ကြောင်း၊ ပြခန်းဆိုင်ခန်းများမှ ကျပ် ၁၆ ဒသမ ၇ ဘီလီယံကျော် ရောင်းချနိုင်ခဲ့ပြီး ပြပွဲသို့ ပြည်သူခြောက်သိန်းကျော် လာရောက်ကြည့်ရှုလေ့လာခဲ့ကြောင်း၊ ယခုပြပွဲနှင့် ဈေးရောင်းပွဲတော် ကျင်းပခြင်းဖြင့် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးကို တစ်ဖက်တစ်လမ်းမှ အားပေးကူညီခြင်းဖြစ်သလို နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်ဖြစ်သည့် စိုက်ပျိုးရေးအခြေခံစက်မှုလုပ်ငန်းနှင့် တန်ဖိုးမြှင့်ထုတ်ကုန်များကို ပိုမိုထုတ်လုပ်နိုင်ရေးအတွက် အထောက်အကူပြုမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက လယ်ယာသုံးပစ္စည်းများပြပွဲပြိုင်ပွဲတွင် ဆုရရှိသူများကိုလည်းကောင်း၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌက တန်ဖိုးမြှင့်ထုတ်ကုန်နှင့် ထုပ်ပိုးမှုပြပွဲပြိုင်ပွဲတွင် ဆုရရှိသူများကိုလည်းကောင်း၊ ဒုတိယဝန်ကြီးများက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းသည့် ထုတ်ကုန်ပစ္စည်းပြပွဲ ပြိုင်ပွဲဆုရရှိသူများကိုလည်းကောင်း၊ ယခင်နှစ်ဆုရရှိသူများမှ တိုးတက်မှုအကောင်းဆုံးဆုရရှိသူများကိုလည်းကောင်း၊ သွင်းကုန်အစားထိုးထုတ်ကုန်ပစ္စည်း ဆုရရှိသူများကိုလည်းကောင်း၊ ဆန်းသစ်တီထွင်မှု ဆုရရှိသူများကိုလည်းကောင်း ဂုဏ်ပြုလက်မှတ်နှင့် ဆုငွေများ ပေးအပ်ကြပြီး ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီ၊ ပြပွဲနှင့်ဈေးရောင်းပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေး ပံ့ပိုးဆောင်ရွက်ပေးခဲ့သည့် ကုမ္ပဏီများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

သတင်းစဉ်