Skip to main content

ပြည်ထောင်စုရာထူးဝန်အဖွဲ့ မီးဘေးလုံခြုံရေးဆိုင်ရာ မီးသတ်ကျွမ်းကျင်မှု စွမ်းရည်ပြိုင်ပွဲကျင်းပ

နေပြည်တော် ဖေဖော်ဝါရီ ၂၇

ပြည်ထောင်စု ရာထူးဝန်အဖွဲ့၏ မီးဘေးလုံခြုံရေးအတွက် အထောက်အကူပြုစေမည့် မီးဘေးလုံခြုံရေးဆိုင်ရာ မီးငြှိမ်းသတ်စက်နှင့် မီးသတ်ပစ္စည်းများကိုင်တွယ်အသုံးပြု၍ မီးသတ်ကျွမ်းကျင်မှုစွမ်းရည်ပြိုင်ပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ ရုံးအမှတ်(၁၇)၌ကျင်းပရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းဦး၊ အဖွဲ့ဝင်များဖြစ်သည့် ဦးဆန်းမြင့်၊ ဒေါ်ခင်မျိုးမြင့်၊ ဦးရဲနိုင်၊ ဦးစိုးတင့်၊ ဦးကျော်မျိုးထွဋ်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ပြည်ထောင်စုရာထူးဝန်အဖွဲ့အနေဖြင့် မီးဘေးအန္တရာယ် ကာကွယ်တားဆီးနိုင်ရေးအတွက် ဤအဖွဲ့မှဝန်ထမ်းများ အပေါ့စားမီးငြှိမ်းသတ်စက်များကို ကျွမ်းကျင်ပိုင်နိုင်စွာ ကိုင်တွယ်အသုံးပြုတတ်စေရန်ရည်ရွယ်၍ ပြည်ထဲရေးဝန်ကြီးဌာန၊ မီးသတ်ဦးစီးဌာန၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သတ်မှတ်ထားသည့် စံနှုန်းများ ဖြစ်သည့် မီးလောင်မှု အခြေခံ သဘောတရားများ၊ မီးအတန်းအစားခွဲခြားခြင်း၊ မီးသတ်ပစ္စည်းကိရိယာများ ကိုင်တွယ်အသုံးပြုခြင်းနှင့် မီးငြှိမ်းသတ်ခြင်းတို့ကို ဤအဖွဲ့မှ သင်တန်းတက်ရောက်ထားသည့် အရာထမ်းများကစာတွေ့၊ လက်တွေ့လေ့ကျင့် သင်ကြားပေးခြင်းတို့ကိုဆောင်ရွက်ပြီး အမျိုးသားဝန်ထမ်း ၃၀၊ အမျိုးသမီး ဝန်ထမ်း ၃၀ စုစုပေါင်း ၆၀ တို့ကို အဖွဲ့ ခြောက်ဖွဲ့ခွဲ၍ ကျွမ်းကျင်မှုစွမ်းရည်ပြိုင်ပွဲအသွင်ဖြင့်ကျင်းပသည်။

ထိုသို့ ပြိုင်ပွဲများကျင်းပခြင်း ဖြင့် ဝန်ထမ်းများအနေဖြင့် ကြိုတင်ပြင်ဆင်ဆောင်ရွက်တတ်သည့် အလေ့အထကောင်းများ၊ အသင်းအဖွဲ့စိတ်ဓာတ်ဖြင့် တက်ကြွစွာပူးပေါင်းဆောင်ရွက် တတ်မှုနှင့် စည်းလုံးညီညွတ်မှုတို့ကို ရရှိစေမည်ဖြစ်ပြီး သဘာဝဘေးအန္တရာယ်ဖြစ်ပွားလျှင် စနစ်တကျ စီမံခန့်ခွဲဆောင်ရွက်နိုင်ခြင်း နှင့် စည်းလုံးညီညွတ်စွာ၊ တက်ကြွ စွာ ပူးပေါင်းဆောင်ရွက်နိုင်ခြင်းစသည့် အကျိုးကျေးဇူးများရရှိစေမည်ဖြစ်သည်။

ထို့နောက် ဆုရအသင်းများကို ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကဆုများချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်