Skip to main content

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဝင်းသိန်း ဥသျှစ်ပင်မြို့ ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေး

ပန်းတောင်း ဇန်နဝါရီ ၂၅

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ယမန်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့ လမ်းမတော်ရှိ နာဂမုနိဓမ္မာရုံ၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံကာ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ လိုအပ်ချက် များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထို့သို့တွေ့ဆုံရာတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်းက "နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏ လမ်းညွှန် မှာကြားချက်နှင့်အညီ ယခုလိုလူထုတွေ့ဆုံပွဲများ ပြုလုပ်၍ ဒေသခံပြည်သူများ၏ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ လိုအပ်ချက်များ ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရန်  တွေ့ဆုံခြင်းဖြစ်ကြောင်း" ပြောကြားပြီး  တိုင်း၊ခရိုင် ၊မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများက သက်ဆိုင်ကဏ္ဍအလိုက် အသီးသီး ရှင်းလင်းတင်ပြခဲ့ကြသည်။

ထို့နောက် တက်ရောက်လာသည့် ဒေသခံပြည်သူများ၏တင်ပြချက်များဖြစ်သော ဥသျှစ်ပင်မြို့ စည်ပင်သာယာစျေးနှင့် ရပ်ကွက်မီးဘေးလုံခြုံရေးအတွက် စျေးအနောက်ဘက်ရှိ တိုးချဲ့ကွက်သစ်မြေ ပေ(၂၀၀)အား အများပိုင်မြေအဖြစ် ပြန်လည် ထားရှိပေးရေး ကိစ္စ၊ ဥသျှစ်ပင်မြို့ မြို့ပြဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ထားရှိမှု အခြေအနေကိုသိရှိလိုသည့်ကိစ္စ၊ ဥသျှစ်ပင်မြို့ ရေပေးဝေရေးလုပ်ငန်း ဆောင်ရွက်ပေးရေးကိစ္စ၊ ဥပဒေမဲ့ သိမ်းဆည်းထားခဲ့သော လယ်ယာမြေနှင့် နှစ်ရှည်ပင်စိုက်ပျိုးထားသော မြေဧရိယာ(၃.၀၃)ဧကအား မူလပိုင်ရှင်ထံ ပြန်လည်အပ်နှံပေးရေးကိစ္စ၊ ဥသျှစ်ပင်မြို့အဝင်မှ လမ်းဆုံအထိ ကတ္တရာလမ်း တိုးချဲ့ခင်းပေးရန်နှင့် Box Culvert တည်ဆောက်ပေးစေလိုသည့်ကိစ္စ၊ ထုံးဘိုကျေးရွာအုပ်စု၊ စာစီကုန်းကျေးရွာထိပ်မှ ထုံးဘိုကျေးရွာ ပန်းခြံလမ်းအထိ အရှည်ပေ(၃၀၀၀)ရှိ ဆည်မြောင်းတာပေါင် ဘေးလမ်းအတိုင်း မြို့ရှောင်လမ်းခင်းပေးစေလိုသည့်ကိစ္စနှင့် ပြင်ကြီးကျေးရွာ အလယ်တန်းကျောင်းခွဲရှိ အန္တရာယ်ရှိကျောင်းဆောင်အား ဖျက်သိမ်း၍ အဆောက်အဦအသစ် ဆောက်လုပ်ပေး‌စေလိုသည့်ကိစ္စတို့အား တိုင်းဒေသကြီးဝန်ကြီးချုပ်က သက်ဆိုင်ရာကဏ္ဍအလိုက် လွှတ်တော် ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းဆောင်ရွက် ပေးခဲ့ ကြောင်း သိရသည်။

တွေ့ဆုံပွဲသို့ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်း၊ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဥသျှစ်ပင်မြို့နှင့်အနီးတစ်ဝိုက်ကျေးရွာများမှ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။

မျိုးကျော်ကြီး(ပြန်/ဆက်)