နေပြည်တော် ဧပြီ ၁၈
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန နေပြည်တော်ကောင်စီတို့နှင့် ပူးပေါင်း၍ ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ တောင်သူများကို စက်သုံးဆီအခက်အခဲ လျော့နည်းသက်သာစေရေးနှင့် ဈေးနှုန်းသက်သာစွာဖြင့် အလွယ်တကူ ဝယ်ယူရရှိနိုင်ရေးဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၅-၂၀၂၆ ခုနှစ် နွေစပါးနှင့် ဆီထွက်သီးနှံ ထွန်ယက်စိုက်ပျိုးရန်ကျန်ရှိသော ကျေးရွာများသို့ ပြည်တွင်းထုတ် ဒီဇယ်ဆီတစ်ဂါလန်လျှင် ငွေကျပ် ၁၀၀၀၀ နှုန်းဖြင့် လက်ငင်းငွေချေစနစ်ဖြင့် လုပ်ငန်းခွင်အရောက် တိုက်ရိုက်ဖြန့်ဖြူးရောင်းချပေးလျက်ရှိသည်။
ယနေ့ ဧပြီ ၁၈ ရက်တွင် လယ်ဝေးမြို့နယ်အတွင်း ကျေးရွာများအတွက် စုရပ်သုံးနေရာ၊ ပျဉ်းမနားမြို့နယ်အတွင်း ကျေးရွာများအတွက် စုရပ်နှစ်နေရာ၊ ဇေယျာသီရိမြို့နယ်အတွင်း ကျေးရွာများအတွက် စုရပ်နှစ်နေရာ စုစုပေါင်း စုရပ်ခုနစ်နေရာတို့တွင် လယ်ယာစိုက်ပျိုးရေး ကဏ္ဍသုံးစက်ပစ္စည်းများတွင် အသုံးပြုရန်အတွက် ပြည်တွင်းထုတ် ဒီဇယ်ဆီ စုစုပေါင်း ၄၅၄၂ ဂါလန်အား နွေစပါးနှင့် ဆီထွက်သီးနှံ ထွန်ယက်စိုက်ပျိုးနေသည့် လယ်ယာမြေလုပ်ငန်းခွင်အရောက် တိုက်ရိုက်ဖြန့်ဖြူးရောင်းချပေးသည်။
စီစဉ်ဆောင်ရွက်လျက်ရှိ
ဆက်လက်၍ ပြည်ထောင်စုနယ်မြေ နေပြည်တော် တပ်ကုန်းမြို့နယ်အတွင်းရှိ နွေစပါးနှင့် ဆီထွက်သီးနှံ ထွန်ယက်စိုက်ပျိုးရန်ကျန်ရှိသော ကျေးရွာများသို့ ဖြန့်ဖြူးရောင်းချပေးသွားမည်ဖြစ်ပြီး ကျန်တိုင်းဒေသကြီး/ပြည်နယ်များအတွင်းရှိ တောင်သူများအတွက် သက်ဆိုင်ရာအစိုးရအဖွဲ့များ၏ ထောက်ခံချက်ဖြင့် ပြည်တွင်းထုတ်စက်သုံးဆီများကို သက်သာသောဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေးသွားရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်
