နေပြည်တော် မေ ၆
ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦးသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သို့ ချစ်ကြည်ရေးအလည်အပတ်ခရီးရောက်ရှိနေသည့် အိန္ဒိယရေတပ်ဦးစီးချုပ် Admiral Dinesh Kumar Tripathi နှင့်အတူ မေ ၅ ရက် ညပိုင်းတွင် ရန်ကုန်မြို့၊ သီလဝါဆိပ်ကမ်း၊ MITT တံတား၌ ဆိုက်ကပ်ထားသည့် အိန္ဒိယစစ်ရေယာဉ် INS Satpura (F-48) ပေါ်၌ ကျင်းပပြုလုပ်သည့် ညစာစားပွဲသို့ တက်ရောက်သည်။
အဆိုပါညစာစားပွဲသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ တပ်မတော်အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး H.E. Mr.Abhay Thakur ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယကြည်းတပ်စစ်သံမှူး Colonel Jaswinder Singh Gill ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယရေတပ်စစ်သံမှူး Captain Manoj Kumar Pandey နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦးသည် စစ်ရေယာဉ် INS Satpura (F-48) ပေါ်သို့ ရောက်ရှိလာရာ စစ်ရေယာဉ်တာဝန်ကျတပ်ဖွဲ့က ကြိုဆိုအလေးပြုကြသည်။ ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သီချင်းနှင့် အိန္ဒိယသမ္မတနိုင်ငံတော်သီချင်းတို့ဖြင့် အခမ်းအနားကို ဖွင့်လှစ်ပေးသည်။ ယင်းနောက် စစ်ရေယာဉ်ပေါ်မှ အရာရှိ၊ စစ်သည်များက အိန္ဒိယယဉ်ကျေးမှုရိုးရာ အဆိုအကများဖြင့် သီဆိုကပြဖျော်ဖြေကြသည်။
ထို့နောက် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)၊ အိန္ဒိယရေတပ်ဦးစီးချုပ်နှင့် အိန္ဒိယသံအမတ်ကြီးတို့က နှုတ်ခွန်းဆက်စကားများ အသီးသီးပြောကြားကာ အိန္ဒိယရေတပ်ဦးစီးချုပ်နှင့် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) တို့သည် အထိမ်းအမှတ်ပစ္စည်းများ အပြန်အလှန်လဲလှယ်ကြပြီး တက်ရောက်လာကြသူများနှင့်အတူ အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ကြပြီး ညစာကိုအတူတကွ သုံးဆောင်ကြသည်။
ညစာစားပွဲအပြီးတွင် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကိုဦးသည် စစ်ရေယာဉ် INS Satpura (F-48) ပေါ်ရှိ ဧည့်သည်တော်မှတ်တမ်းတွင် မှတ်တမ်းတင်လက်မှတ်ရေးထိုးခဲ့ကြောင်း သတင်းရရှိသည်။
