Skip to main content

ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူး၍ ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်း

တောင်ကြီး နိုဝင်ဘာ ၂၅

တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို ရှမ်းပြည်နယ်အစိုးရရုံး အစည်းအဝေး ခန်းမ၌ ယနေ့နံနက်(၁၀)နာရီအချိန် က ကျင်းပခဲ့သည်။

အခမ်းအနားကို ဆရာတော်သံဃာတော်များနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် အမှူးပြုသော ပြည်နယ်ဝန်ကြီးများ၊ ဧည့်ပရိတ်သတ်များက နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ကြပြီး နိုင်ငံတော်သြဝါဒါစရိယ အဂ္ဂမဟာပဏ္ဍိတ မဟာကမ္မဋ္ဌာနာစရိယ စွန်းလွန်းဂူကျောင်းတိုက် ပဓာနနာယက ဆရာတော်ဘဒ္ဒန္တ အဂ္ဂဓမာဘိဝံသ အရှင်သူမြတ်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြသည်။

ဆက်လက်၍ ဆရာတော် သံဃာတော်အရှင်သူမြတ်များ ပွားများအပ်သော မေတ္တာသုတ် ပရိတ်တရားတော်မြတ်ကို နာယူပြီး ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် က ကထိန်သင်္ကန်းများ၊ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း၍ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ အင်းတိုင်းရင်းသား  လူမျိုးရေးရာဝန်ကြီး၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌတို့မှ ဆရာတော်များအား လှူဖွယ်ဝထ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး နိုင်ငံတော်သြဝါဒါစရိယ အဂ္ဂမဟာပဏ္ဍိတ မဟာကမ္မဋ္ဌာနာစရိယ စွန်းလွန်းဂူကျောင်းတိုက်ပဓာနနာယက ဆရာတော် ဘဒ္ဒန္တအဂ္ဂဓမ္မာဘိဝံသ အရှင်သူမြတ်ထံမှ လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချအမျှပေးဝေကာ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု ဂါထာတော်သုံးကြိမ်ရွတ်ဆို ဆုတောင်းပြီး ရုတ်သိမ်းလိုက်ကြောင်း သိရသည်။

မောင်မောင်သန်း(တောင်ကြီး)