Skip to main content

Film & Television Lawyer Mr.Morris Averill မှ ရုပ်ရှင်နှင့် ရုပ်မြင်သံကြားလုပ်ငန်းများဆိုင်ရာ စာချုပ်စာတမ်းများ၊ မူပိုင်ခွင့်နှင့် အခွင့်အရေးများနှင့် ပတ်သက်၍ ဆွေးနွေးပွဲကျင်းပ

ရန်ကုန် ဇန်နဝါရီ ၂၅

Film & Television Lawyer Mr.Morris Averill ၏ ရုပ်ရှင်နှင့် ရုပ်မြင်သံကြားလုပ်ငန်းများဆိုင်ရာ စာချုပ်စာတမ်းများ၊ မူပိုင်ခွင့်နှင့် အခွင့်အရေးများနှင့် ပတ်သက်၍ ဆွေးနွေးပွဲတစ်ရပ်ကို ယနေ့ မွန်းလွဲပိုင်းက ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေတောင်ကြားလမ်း အမှတ်(၅၀) အနုပညာ ရပ်ဝန်းရှိ ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေးစင်တာ (FDC) သင်တန်းခန်းမ၌ ကျင်းပသည်။

ဆွေးနွေးပွဲတွင် “Services Contracts: Copyright, Moral Rights and Performers Rights”ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲကို စတင်ရာ Film & Television Lawyer Mr. Morris Averill က ၎င်း၏ ရုပ်ရှင်ဆိုင်ရာ ထုတ်လုပ်မှုအတွေ့အကြုံများ၊ စာချုပ်စာတမ်းနှင့် လုပ်ထုံးလုပ်နည်းများ၊ ဥပဒေအကြောင်းအရာများနှင့် မူပိုင်ခွင့်ဆိုင်ရာများ၊ မြန်မာနိုင်ငံနှင့် ပြည်ပနိုင်ငံများမှ ရုပ်ရှင်နှင့် ရုပ်မြင်သံကြားလုပ်ငန်းဆိုင်ရာဥပဒေ၊ မူပိုင်ခွင့်နှင့် အခွင့်အရေးများကို ရှင်းလင်းပြောကြားဆွေးနွေးကာ တက်ရောက်လာကြသူများ၏ သိရှိလိုသည့် မေးမြန်းမှုများအပေါ် ပြန်လည် ဆွေးနွေး ဖြေကြားသည်။

လာရောက်လေ့လာသူ ဒါရိုက်တာမောင်သီက “နိုင်ငံတကာမှာတော့ ဒီအကြောင်းအရာတွေက အဓိကထားတဲ့ ကိစ္စတွေပါ။ ကျွန်တော်တို့ဆီမှာတော့ အလေ့အကျင့်က ပျက်နေတယ်။ သူတို့ဆီမှာ က မော်ဒယ်ပိုင်းဆိုင်ရာ၊ ကာယပိုင်းနဲ့ ဉာဏပိုင်းဆိုင်ရာတွေစုံတယ်။ ကျွန်တော်တို့ဆီမှာက အဲဒါတွေနဲ့ ပတ်သက်ပြီး ဥပဒေတွေသိပ်မရှိသေးဘူး။ သူဆွေးနွေးသွားတဲ့ အထဲမှာလည်း တစ်နိုင်ငံနဲ့ တစ်နိုင်ငံမတူပါဘူး။ ဘုံထုတ်ထားတာလေးတွေ သူပြောသွားတယ်။ အဲဒါလေး တွေလေ့လာရတာ ကျွန်တော်တို့အတွက် အကျိုးအမြတ်ရှိပါတယ်” ဟုပြောသည်။

Film & Television Lawyer Mr.Morris Averill သည် နယူးဇီလန် နိုင်ငံသားဖြစ်ပြီး မီဒီယာနှင့် ပတ်သက်သည့် လုပ်ငန်းများကို ဆောင်ရွက်နေသော ရှေ့နေတစ်ဦး ဖြစ်သည်။ ထို့အပြင် ၎င်းသည် ရုပ်ရှင်နှင့် ရုပ်မြင်သံကြား ထုတ်လုပ် ဖြန့်ချိသူတစ်ဦးဖြစ်ကာ ယင်းလုပ်ငန်းများ ဆိုင်ရာ စာချုပ်စာတမ်းများ၊ မူပိုင်ခွင့်နှင့် အခွင့်အရေးများနှင့် ပတ်သက်၍ အပြည်ပြည်ဆိုင်ရာ အတွေ့အကြုံရှိသူ ဖြစ်သည့်အပြင် မူပိုင်ခွင့်ဆိုင်ရာ ဥပဒေအကြောင်းအရာများကို တတ်သိကျွမ်းကျင်သူဖြစ်ကြောင်း သိရသည်။ ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေးစင်တာ စီမံခန့်ခွဲရေးအဖွဲ့ဝင် ဒေါ်ဆွေဇင်ထိုက် က ဦးဆောင်ဆွေးနွေးမည့် Mr.Morris Averill ၏ ကိုယ်ရေးအကျဉ်းကို ဖတ်ကြားခဲ့သည်။

ဆွေးနွေးပွဲသို့ ရုပ်ရှင်၊ ဂီတ၊ သဘင်နယ်ပယ်မှ ပုဂ္ဂိုလ်များ၊ ရုပ်မြင်သံကြား ထုတ်လွှင့်ရေးဆိုင်ရာမှ တာဝန်ရှိသူများ၊ ရုပ်ရှင်ထုတ်လုပ်ဖြန့်ချိသူများ၊ မြန်မာနိုင်ငံ အသိဉာဏ် ပစ္စည်းလုပ်ငန်းရှင် များအသင်းမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများနှင့် ဥပဒေပညာရှင်များ၊ အွန်လိုင်းမီဒီယာများနှင့် လေ့လာသူများ တက်ရောက်ကြကာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသိန်းနိုင်က အမှာစကားပြောကြားသည်။

အဆိုပါ ဆွေးနွေးပွဲကို ပြန်ကြားရေးဝန်ကြီးဌာန၏ ကူညီပံ့ပိုးမှုဖြင့် ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေးစင်တာ(FDC)မှ ဦးစီးကျင်းပခြင်းဖြစ်ပြီး မူပိုင်ခွင့် ဥပဒေနှင့် ပတ်သက်၍ အပြည်ပြည်ဆိုင်ရာ အတွေ့အကြုံများရရှိစေရန်၊ ပြည်ပနိုင်ငံများနှင့် ချိတ်ဆက်ဆောင်ရွက်ရာတွင် ၎င်းတို့၏ မူပိုင်ခွင့်ဆိုင်ရာ ဥပဒေအကြောင်းအရာများကို ကြိုတင် သိရှိနားလည်ထားနိုင်ရန်နှင့် မိမိတို့၏ မူပိုင်ခွင့် ဆိုင်ရာ ဥပဒေအခွင့်အရေးများကို ကာကွယ်နိုင်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်သည်။

သတင်းနှင့်ဓာတ်ပုံ-ဇော်ကြီး