မန္တလေးမြို့အောင်မြေသာစံမြို့နယ် အနှိပ်တော်ရပ်ကွက် ၁၉ လမ်းနှင့် လမ်း ၂၀ ကြားရှိ နန်းတော်ရှေ့နယ်လုံးဆိုင်ရာ စာကြည့်သင်း၏ ရာပြည့်အထိမ်းအမှတ်ပွဲတော်ကို ဇန်နဝါရီ ၂၃ ရက်မှ ၂၇ ရက်အထိ နန်းတော်ရှေ့ဘောလုံးအားကစားကွင်း အတွင်း စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိသည်။ အဆိုပါအသင်းကြီးကို ၁၉၂၀ ပြည့်နှစ်တွင် ဆရာကြီးဦးရာဇတ်၊ နန်းတော်ရှေ့ဆရာတင်တို့နှင့်အတူ နန်းတော်ရှေ့ဒေသခံများ ဦးဆောင်ဖွဲ့စည်းတည်ထောင်ခဲ့ပြီး မန္တလေးမြို့ရှိ စာကြည့်သင်း များအနက် မှတ်ပုံတင်အမှတ်စဉ်(၁)အဖြစ် ဖွင့်လှစ်ခဲ့သည့်အပြင် စာပေ၊ ဂီတ၊ အနုပညာအသိုင်းအဝိုင်းများ၊ နန်းတော်ရှေ့ဒေသခံများ၊ အလှူရှင်များ၊ မန္တလေးမြို့ရှိစာကြည့်အသင်းများ၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှုတို့ဖြင့် ခေတ်အဆက်ဆက်ထိန်းသိမ်း စောင့်ရှောက်ကာ နှစ် ၁၀၀ ပြည့်ပွဲတော်ကြီးကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့ခြင်းဖြစ်ကြောင်းကို ယခုလို ဂုဏ်ယူဝံ့ကြွားစွာ ပြောကြားခဲ့ကြသည်။
ဦးထင်ကျော် (နိုင်ငံတော်သမ္မတဟောင်း)
နန်းတော်ရှေ့နယ်လုံးဆိုင်ရာ စာကြည့် သင်းကြီးရဲ့ နှစ် ၁၀၀ ပြည့်ပွဲတော်ကို တက် ရောက်ဖို့ ဖိတ်ကြားပေးတဲ့အပြင် စာပေနဲ့ ပတ်သက်ပြီး ဝါသနာလည်းပါတယ်။ အမှတ် တရလည်း ဖြစ်ချင်တယ်။ ဂုဏ်ပြုစကားလည်း ပြောချင်တဲ့အတွက် တက်ရောက်ခဲ့တာပါ။ စာကြည့်တိုက်တစ်ခုဖြစ်ဖို့ လွယ်ပေမယ့် ထိန်း သိမ်းဖို့မလွယ်ပါဘူး။ ခေတ်အဆက်ဆက်မှာ ဖြစ်လိုက် ပျက်လိုက်နဲ့ လောကဓံတရားကို အမျိုးမျိုးကြုံတွေ့ပြီးမှ ဒီနေ့အထိ ဆက်လက် ရှင်သန်နေတဲ့ ဒီစာကြည့်သင်းကြီးဟာ နှစ် ၁၀၀ ပြည့်တယ်ဆိုတော့ ဝမ်းမြောက်ဝမ်းသာ စကားပြောဖို့ လာတာပါ။ ဆရာကြီး ဦးရာဇတ် တို့၊ နန်းတော်ရှေ့ဆရာတင်တို့ စပြီးတည် ထောင်ခဲ့တာဆိုတော့ အမှတ်တရလည်း ဖြစ်ချင်လို့ပါ။ ဒီစာကြည့်တိုက်ကို ပြန်လည် ဖွဲ့စည်းတဲ့အခါမှာလည်း သခင်ငါးဦးပါပြီး ဝံသာနုအသင်းအဖွဲ့တွေကလည်း ပြန်လည် ရှင်သန်ဖို့ ဝိုင်းဝန်းလုပ်ဆောင်ကြတာကို တွေ့ရ ပါတယ်။ မန္တလေးမြို့က ခေတ်လူငယ်ပညာ တတ်တွေ၊ နိုင်ငံရေး စိတ်ဓာတ်နိုးကြားတဲ့ ပုဂ္ဂိုလ်တွေနဲ့ လုပ်ငန်းရှင်တွေအားလုံးက ဝိုင်းဝန်းပြီး ရှင်သန်လာအောင် ထိန်းသိမ်းခဲ့တာ တွေ့ရတဲ့အတွက်လည်း ဂုဏ်ယူမိပါတယ်။
ဆရာချစ်ဦးညို(စာရေးဆရာ)
ကျွန်တော်က မန္တလေးဇာတိ၊ နန်းတော် ရှေ့မှာကြီးပြင်းပြီး ၁၀ တန်းအောင်မြင်ခဲ့ပါ တယ်။ အဲဒီကာလတစ်လျှောက်လုံးမှာ နန်းတော်ရှေ့နယ်လုံးဆိုင်ရာ စာကြည့်သင်းရဲ့ အသက်အငယ် ဆုံး အမှုဆောင်ဖြစ်လာခဲ့ပါ တယ်။ ဘယ်သူကမှ ခန့်တာမဟုတ်ဘဲ စာကြည့်သင်းကို ချစ်လွန်းလို့ လူကြီးတွေ အစည်းအဝေးလုပ်တဲ့အချိန်မှာ တောက်တို မယ်ရလေးတွေ လုပ်ပေးရင်းနဲ့ ကိုယ့်ကိုယ် ကိုယ် အမှုဆောင်အဖြစ် သတ်မှတ်လိုက်တာပါ။ လူကြီးတွေကလည်း သဘောကျလွန်းတော့ စာအုပ်တွေဖတ်ခွင့်ပေးတယ်။ အဲဒီလိုနဲ့ မန္တလေးတက္ကသိုလ်တက်ပြီး ရန်ကုန်ကို ပြောင်းရွှေ့ခဲ့ပါတယ်။ မန္တလေးနဲ ကင်းကွာပြီး ဟောပြောပွဲတွေရှိမှပဲ လာဖြစ်ပါတယ်။ ဒီစာကြည့်သင်းရဲ့ ရာပြည့်ပွဲတော်ကို ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလအတွင်းမှာ ကျင်းပမယ်လို့ ဖုန်းဆက်ပြောတဲ့အတွက် အင်မတန်အံ့ဩ တုန်လှုပ်ပြီး ဝမ်းသာသွားပါတယ်။ ကျွန်တော် ကြားဖူးသမျှတော့ မြန်မာနိုင်ငံမှာ စာကြည့် သင်းတစ်ခု နှစ် ၁၀၀ ပြည့်လို့ ရာပြည့်ပွဲလုပ် တယ်ဆိုတာ တစ်ခါမှမရှိခဲ့ဘူး။ ဒါကြောင့် ဒီပွဲ မှာ အမှုဆောင်ဟောင်းတစ်ယောက်အနေနဲ့ တက်ရောက်ပြီး စာပေဟောပြောဖို့ လာခဲ့တာ ပါ။ ဒီစာကြည့်သင်းရဲ့ နှစ် ၁၀၀ က ရန်ကုန် တက္ကသိုလ်နဲ့ သက်တမ်းအတူတူပါပဲ။ ဒီအသင်း ကြီးဟာ အခက်အခဲတွေ အမျိုးမျိုးကြားက ရုန်းကန်လှုပ်ရှားလာခဲ့ရတာပါ။ ပြောင်းရွှေ့ရ တာ၊ ပိတ်လိုက်ရတာတွေလည်း ရှိပါတယ်။ ဒါကိုလက်ဆင့်ကမ်းပြီး သယ်ဆောင်လာကြတဲ့ အဆက်ဆက်သော စာကြည့်သင်း အမှုဆောင် လူကြီးများ၊ အမှုဆောင်များကို အင်မတန် ကျေးဇူးလည်းတင်ပါတယ်။ ဂုဏ်လည်းပြုပါ တယ်။ ဒါ့အပြင် ဒီနေ့အချိန်မှာ မျိုးဆက်သစ် လူငယ်တွေလက်ထဲကို ထည့်ပေးနိုင်တဲ့ စွမ်းပကားစေတနာ၊ အင်အားတွေကလည်း အင်မတန်လေးစားစရာ ကောင်းပါတယ်။ ဆက်လက် ပြီး ဒီစာကြည့်သင်းကြီး အဓွန့်ရှည်ပါစေလို့ ဆုတောင်းပါတယ်။ ကျွန်တော်အနေနဲ့ လည်း ကျွန်တော်ထွက်သမျှ စာအုပ်တွေ အားလုံးကို ဒီစာကြည့်သင်းကို လှူပါတယ်။ တတ်နိုင်သမျှ လည်း စာရေးဆရာတစ်ယောက် အနေနဲ့ရော၊ စာကြည့်သင်း အမှုဆောင်တစ် ယောက်အနေနဲ့ရော၊ နန်းတော်ရှေ့သားတစ် ယောက်အနေနဲ့ရော ကြိုက်တဲ့တာဝန်ပေးပါ။ နိုင်တဲ့တာဝန်ကို ထမ်းဆောင် သွားမယ်လို့ ကတိပြုပါတယ်။
ဦးငြိမ်းချမ်းဖြူ (ဥက္ကဋ္ဌ နန်းတော်ရှေ့နယ်လုံး ဆိုင်ရာ စာကြည့်သင်း)
မန္တလေးမြို့မှာ နှစ် ၁၀၀ ပြည့်တဲ့ ကျွန်တော် တို့စာကြည့်သင်းက မှတ်ပုံတင်နံပါတ်(၁) အနေနဲ့ ဖွဲ့စည်းတည်ထောင်ခဲ့တာဖြစ်တဲ့ အတွက် မန္တလေးမြို့အနေနဲ့ ဂုဏ်ယူပြီး ရာပြည့်ပွဲတော်ကို နန်းတော်ရှေ့မှာ ရှိကြသူ တွေ အားလုံးရဲ့ဆန္ဒနဲ့ ကျွန်တော်တို့အသင်းက လည်း စိတ်အားထက်သန်မှုအရ သမိုင်းအနေနဲ့ ကျင်းပခြင်းဖြစ်ပါတယ်။ ဒီစာကြည့်သင်းကို ၁၉၂၀ ပြည့်နှစ်မှာ ဖွဲ့စည်းတည်ထောင်ခဲ့တဲ့အတွက် ၂၀၂၀ ပြည့်နှစ်မှာ နှစ် ၁၀၀ ပြည့်ပြီဆို ပေမယ့် အဲဒီမတိုင်မီကတည်းက အဘိဓမ္မာ စာကြည့်သင်းအနေနဲ့ ရှစ်နှစ်ဖွင့်လှစ်ခဲ့တဲ့အတွက် စာကြည့်သင်းရဲ့ သက်တမ်းဟာ စုစုပေါင်း ၁၀၈ နှစ်ရှိပြီလို့ ပြောလို့ရပါတယ်။ စပြီးတည် ထောင်တဲ့အချိန်မှာ ဦးရာဇတ်တို့၊ နန်းတော် ရှေ့ဆရာတင်တို့စတဲ့ ဘိုးဘွားတွေကထူထောင် ခဲ့ပြီး ဒီကြားထဲမှာ ရပ်တန့်သွား ခဲ့တာတွေ၊ နေရာပြောင်းလဲပြီး ဖွင့်ခဲ့ရတာတွေရှိခဲ့ပေမယ့် ဒီအခက်အခဲတွေကို ကျော်လွှားပြီး အခုလက်ရှိ နေရာမှာ ၁၉၃၈ ခုနှစ်မှာ စာကြည့်သင်းကို ခိုင်ခိုင်မာမာ တည်ထောင်ပြီး လက်ဆင့်ကမ်းထိန်းသိမ်းဖွင့်လှစ်နိုင်ခဲ့ပါတယ်။
အဓိကအနေနဲ့ကတော့ နန်းရှေ့သူနန်း ရှေ့သားတွေရဲ့ အင်အားနဲ့ဆောင်ရွက်နိုင်သလို အခုရာပြည့်ပွဲတော်ကိုလည်း သူတို့ရဲ့အင်အား ဆန္ဒတွေနဲ့ ကျင်းပနိုင်တာပါ။ အသင်းမှာရှိတဲ့ စာအုပ်တွေကိုလည်း ရှေးကပုဂ္ဂိုလ်တွေ စာအုပ် အမျိုးအစားလိုက်ခွဲခြားပြီး စနစ်တကျနဲ့ ထိန်းသိမ်းစောင့်ရှောက်လာတဲ့အတွက် သူတို့ ရဲ့ကောင်းမွန်တဲ့ ထိန်းသိမ်းနည်းစနစ်အမွေကို လက်ဆင့်ကမ်းအတုယူပြီး ရာပြည့်ဂုဏ်ရည် နဲ့ကိုက်ညီတဲ့ စာကြည့်တိုက်တစ်ခုဖြစ်အောင် ဆက်လက်ထိန်းသိမ်း စောင့်ရှောက်ထားပါ တယ်။ ယနေ့အချိန်မှာ မြန်မာနိုင်ငံရဲ့ ပညာရေး စနစ်သစ်ဟာ စာကြည့်တိုက်ကို မရှိမဖြစ် လိုအပ်လာတဲ့ အနေအထားမျိုးကို ရောက်ရှိ လာနေပြီ။ ဒါကြောင့် ပညာရေးစနစ်သစ်နဲ့ လိုက်လျောညီထွေဖြစ်တဲ့ စာကြည့်တိုက်တစ်ခု ဖြစ်ဖို့ အသင့်ပြင်ထားရမယ်လို့ ဖောင်တော်ဦး ဆရာတော်ရဲ့ မိန့်ကြားချက်က ကျွန်တော်တို့ကို သတိပေးလိုက်သလိုခံစားမိပါတယ်။
မောင်သစ်လွင်(လူထု)
စာကြည့်တိုက်တစ်ခုကို နှစ်ပေါင်း ၁၀၀ အထိ ထိန်းသိမ်းထားနိုင်တယ်ဆိုတဲ့ လုပ် ဆောင်ချက်ကို ဂုဏ်ယူပါတယ်။ ဒီစာကြည့်တိုက်ကနေ နန်းတော်ရှေ့ဆရာတင်တို့က မျိုးဆက်သစ် တွေအတွက် အမျိုးသားရေး စည်းလုံးညီညွတ်ရေးအပြင် တစ်နိုင်ငံလုံးမှာ ရှိတဲ့ ပြည်သူတွေ အကျိုးစီးပွားနဲ့ ဒီစာကြည့် တိုက်ကြီး ရေရှည်တည်တံ့ဖွံ့ဖြိုးဖို့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ ကတည်းက သီချင်းတွေစပ်ဆို ပြီး လုပ်ဆောင်ခဲ့ကြတာကို အခုအချိန်အထိ ဂုဏ်ယူနေမိပါတယ်။
ဦးကျော်သင်း(ဥက္ကဋ္ဌ ရာပြည့်ပွဲတော် ကျင်းပရေးကော်မတီ)
ရာပြည့်ပွဲတော်ကျင်းပဖို့ လွန်ခဲ့တဲ့တစ်နှစ် လောက်ကတည်းက ကော်မတီဖွဲ့စည်းပြီး လစဉ်ပုံမှန် အစည်းအဝေးတွေ ဆောင်ရွက်ခဲ့လို့ အခုလို စည်စည်ကားကားဖြစ်အောင် ကျင်းပ နိုင်တာပါ။ ဒီရာပြည့်ပွဲတော်ကျင်းပရတဲ့ ရည်ရွယ်ချက်ကတော့ လူငယ်တွေ စာပေ အပေါ်မှာ စိတ်ဝင်စားမှုရှိလာစေဖို့အဓိက ရည်ရွယ်ပြီးကျင်းပတာပါ။ ကျွန်တော်တို့ရဲ့ စာကြည့်သင်း ကလည်း အမှတ်စဉ်(၁)အနေနဲ့ နှစ်ပေါင်း ၁၀၀ ဖြတ်သန်းလာခဲ့ပြီးဖြစ်တဲ့အတွက် ဒီစာကြည့်သင်းကြီး ရေရှည်တည်တံ့ ခိုင်မြဲနိုင်အောင် ကော်မတီအနေနဲ့ ဝိုင်းဝန်းကူညီ ဆောင်ရွက် ပေးကြတာဖြစ်ပါတယ်။ ရာပြည့် ပွဲတော်မှာ စာပေလောကဖွံ့ဖြိုးဖို့ရည်ရွယ်ပြီး စာအုပ်ဈေးရောင်းပွဲတော်ကိုလည်း ထည့်သွင်း ကျင်းပပေးပါတယ်။ ကျွန်တော်တို့အနေနဲ့ နှစ် ၁၀၀ ပြည့်စာကြည့်သင်း ရာပြည့်ပွဲတော် ကြီးမှစ၍ နောင်နှစ်ပေါင်းများစွာ တည်တံ့ ခိုင်မြဲကာ စာပေလောကကြီး ဖွံ့ဖြိုးတိုးတက် စေဖို့ ရည်ရွယ်ပြီးကြိုးစားသွားမှာပါ။
မင်းထက်အောင်(မန်းကိုယ်ပွား)၊ အောင်ဖြိုးကျော်