နေပြည်တော် မေ ၂၂
ရုရှားဖက်ဒရေးရှင်းနိုင်ငံ Nizhny Novgorod မြို့၌ ရောက်ရှိနေသော သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိန်းကျော်သည် ယနေ့နံနက်ပိုင်းက Nizhny Novgorod State Technical University (NNSTU) တက္ကသိုလ်အစည်းအဝေးခန်းမ၌ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်နှင့် ပါမောက္ခများ၊ တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး မြန်မာနိုင်ငံရှိ တက္ကသိုလ်များနှင့် NNSTU တို့အကြား ပူးပေါင်းဆောင်ရွက်နိုင်မည့် ကိစ္စရပ်များကို အပြန်အလှန်ဆွေးနွေးကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် တက္ကသိုလ်ရှိ စာသင်ခန်းများနှင့် လက်တွေ့ခန်းများကို ကြည့်ရှုလေ့လာသည်။
ယင်းနောက် Nizhny Novgorod မြို့၌ ပညာတော်သင်ရောက်ရှိနေကြသော ကျောင်းသား ကျောင်းသူများအား တွေ့ဆုံအားပေးစကားပြောကြားသည်။
ဆက်လက်၍ ANO Gorky Tech သို့ သွားရောက်ပြီး ဒေသတွင်း အိုင်တီကုမ္ပဏီများနှင့် ချိတ်ဆက်ဆောင်ရွက်နေမှုအခြေအနေကို ကြည့်ရှုလေ့လာသည်။
ANO Gorky Tech သည် အစိုးရမဟုတ်သော အကျိုးအမြတ်မယူသည့် အဖွဲ့အစည်း (Autonomous Non-Profit Organization – ANO) ဖြစ်ပြီး ဒေသတွင်းအိုင်တီကုမ္ပဏီများကို အကူအညီပေးရန်၊ နည်းပညာကုမ္ပဏီအသစ်များကို မြေတောင်မြှောက်ပေးရန်၊ ဒေသ၏ဒီဂျစ်တယ် ကဏ္ဍတစ်ခုလုံးကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန် ဖွဲ့စည်းထားသည့် အိုင်တီဖွံ့ဖြိုးတိုးတက်ရေး ဗဟိုဌာနတစ်ခုဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
