Skip to main content

ပြည်ခရိုင်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးများဆောင်ရွက်နိုင်ရေး ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ပြည်သူများတွေ့ဆုံ

ပြည် ဇန်နဝါရီ ၂၆

ဇန်နဝါရီလ (၂၅) ရက်နေ့၊ နံနက်(၉) အချိန်က ပြည်မြို့နယ်၊ ပေါင်းတလည်မြို့၊ ကုန်းဇင်းကျောင်းရွာ သဒ္ဓမ္မမဉ္ဇီကျောင်းတိုက် ၌ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲပြုလုပ်သည်။

ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက သဒ္ဓမ္မမဉ္ဇီ ဘုန်းတော်ကြီးကျောင်း ဆရာတော်အား လှူဖွယ်ဝတ္တုများ ဆက်ကပ်လှူဒါန်းကာ သာသနာရေးဆိုင်ရာကိစ္စရပ်များ လျှောက်ထား ပြီးနောက် ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲဆက်လက် ကျင်းပပြုလုပ်ရာ ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားပေးပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူးက ကျေးလက်လမ်း/တံတားနှင့် ကျေးလက်မီးလင်းရေးဆိုင်ရာ သိကောင်းစရာများကိုလည်းကောင်း၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူးက နွေးစပါးရေပေးဝေရေးနှင့် ဆည်/တမံများ တည်ဆောက်ပေးထားရခြင်း၏ ရည်ရွယ်ချက်များကို လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးက လယ်ယာမြေနှင့် မြေလွတ်မြေရိုင်း စိုက်ပျိုးလုပ်ကိုင်ခွင့် ဥပဒေများကိုလည်းကောင်း အသီးသီးရှင်းလင်း တင်ပြခဲ့သည်။

ထို့နောက် တက်ရောက်လာသည့် ဒေသခံပြည်သူများက ညောင်တုန်း-ပေါင်းတမော့ ကျေးရွာချင်းဆက်လမ်းအား ကျောက်ချောလမ်းခင်းပေးရန်၊ လှည်းသည်း-ရွာသစ် ကျေးလက် လမ်းအား ကျောက်ချောလမ်းခင်းပေးရန်၊ ဗြူးကုန်းရွာအဝင် ဂုံးတံတားနှင့် ကျေးလက်လမ်း ပြုပြင်ပေးရန်၊ ကြိုးကုန်း-နွယ်ကျော်-ဗြဟော် ကျေးရွာချင်းဆက်လမ်း မြေနီခင်းပေးရန်၊ ကံရွာကျေးရွာအတွင်း ဂုံးတံတားပြုပြင်ပေးရန်၊ ချောင်းကွေး တံတားပြုပြင်ပေးရန်၊ လက်ပံတောကျေးရွာအုပ်စု၊ ကွင်းအမှတ် (၇၉၇)ကွင်းရှိ ကုန်ထုတ်လမ်း၊ ဥသျှစ်ကုန်း ကျေးရွာ၊ ကွင်းအမှတ်(၇၃၆)ကွင်းရှိ ကုန်ထုတ်လမ်း မြေနီခင်းပေးရန်၊ တောင်နဝင်းချောင်း ကမ်းပါးပြိုကျနေမှု ဆောင်ရွက်ပေးရန်၊ ကုန်းဇောင်းကျေးရွာ ထရန်စဖော်မာ အသစ်လဲပေးရန်၊ သူဌေးကုန်း ကျေးရွာနှင့် တဲကုန်းကျေးရွာတို့မှ ကျေးလက်မီးလင်းရေးဆောင်ရွက်ပေးရန်၊ မြောင်းဆုံကျေးရွာရှိ လယ်ယာမြေများအပေါ် ဖြတ်သန်းဖောက်လုပ်ထားသော ရထားလမ်း အတွက် လျော်ကြေးပေးရန်၊ ဂွေးပင်ကုန်းကျေးရွာ ရွာလယ်ချောင်း ပြန်လည်တူးဖော်ပေးရန်နှင့် ရေဆိုးထွက်ပေါက်များ ဖောက်လုပ်ပေးရန်၊ မြို့လှရွာ၌ ကျေးရွာမြေငှားဂရန် ချထား ပေးရန်၊ အမကရွာသစ်ကြီး မူလတန်းကျောင်း ပျက်စီးနေမှုအား အသစ်ပြန်လည်ဆောက် လုပ်ပေးရန်၊ မြောက်ခွေးရဲ အထက(ခွဲ)နှစ်ထပ် ကျောင်းဆောင်သစ်ချထားပေးရန်၊ ရွာမကျေးရွာ၌ ကျေးလက်ကျန်းမာရေး ဌာနခွဲ ဆောက်လုပ်ပေးရန်၊ ပေါင်းတလည်မြို့ ပြည်သူ့ဆေးရုံအား (၂၅)ကုတင်ဆံ့ ဆေးရုံအဖြစ် တိုးမြှင့်ပေးရန်၊ ပေါင်းတလည်မြို့မစျေးအား အဆင့်မြှင့်တင်ပေးရန်၊ ရွာမကျေးရွာအုပ်စ အရန်မီးသတ်တပ်စုအတွက် လိုအပ်သော မီးသတ်ကား ရရှိနိုင်ရေးနှင့် ပေါင်းတလည်မြို့ မီးသတ်စခန်း အဆောက်အဦများ ဆောက်လုပ် ပေးရန်၊ ပေါင်းတလည်မြို့၊ အမကကုန်းတန်းကျောင်းမြေနေရာ တိုင်းတာပေးရန်၊ ပေါင်းတလည်မြို့ နွားပွဲစျေးမြေ နေရာအား မြို့မြေအဖြစ်သတ်မှတ်ပေးရန်စသည်တို့အား တင်ပြခဲ့ရာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရှိရသည်။

ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အစိုးရ အဖွဲ့တာဝန်ရှိသူများသည် မွန်းလွဲ (၂) အချိန်တွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ တောင်လည်ကျေးရွာ၊ စန္ဒိမာလ ဘုန်းတော်ကြီးကျောင်း၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲကျင်းပပြုလုပ်သည်။

တွေ့ဆုံပွဲတွင် တက်ရောက်လာသည့် ဒေသခံပြည်သူများက ပေါက်ခေါင်းမြို့ရှိ ဓါတ်အားခွဲရုံမှ တောင်လည် ကျေးရွာအုပ်စုအထိ (၁၄)မိုင်အား (11) KV လိုင်းတပ်ဆင်ပေးနိုင်ရန်နှင့် (11/0.4) KV, (200)KVA ခွဲရုံ (၂)ရုံ တည်ဆောက်ပေးနိုင်ရန်၊ ချောင်းကျိုးကျေးရွာရှိ အိမ်ခြေ(၁၄၉)အိမ်အား ဆိုလာမီးရရှိရေး ဆောင်ရွက်ပေးရန်၊ အိုးတင်း ကုန်းကျေးရွာ အမက(မူလွန်) ပေ(၆၀×၃၀)ပေ ကျောင်းဆောင်သစ် ဆောက်လုပ်ပေးရန်၊ ပြည်-တောင်ငူ လမ်းမကြီးမှ ပျားဆိုးကျေးရွာသို့ဆက်သွယ်သောမြေသားလမ်း (၁)မိုင်အား ကျောက်ချောလမ်း ခင်းပေးရန် တင်ပြခဲ့ရာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းဖြေရှင်းပေးခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စား လှယ်များ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ဒေသခံပြည်သူများ တက်ရောက် ခဲ့ကြောင်း သိရှိရသည်။

ဟိန်းထက်(ပဲခူး)