Skip to main content

သီပေါမြို့နယ်၊ နမ့်လန်မြို့မစျေးသစ်ဖွင့်ပွဲအခမ်းအနားကျင်းပ

သီပေါ ဇန်နဝါရီ ၂၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် စည်ပင်သာယာရေး ကော်မတီနှင့် ရှမ်းပြည်အလှ ကုမ္ပဏီလီမိတက်တို့ ပူးပေါင်းဆောင်ရွက်သော သီပေါမြို့နယ်၊ နမ့်လန်ကျေးရွာ အာစီ(၂)ထပ်စျေးသစ်ဖွင့်ပွဲ အခမ်းအနားကို  ယနေ့နံက်(၁၁)နာရီအချိန်က အဆိုပါစျေးသစ်ကြီးတွင် ကျင်းပ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ သီပေါမြို့နယ် မဲဆန္ဒနယ်အမှတ်−၁၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းစမ်းစမ်းအေးက နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဝင်းနှင့် စျေးမိ/စျေးဖများ ကိုယ်စားလှယ် ဦးစိုင်းဘသန်းတို့က ကျေးဇူးတင်စကားပြောကြား ခဲ့သည်။ ထို့နောက် နမ့်လန်မြို့မစျေးသစ်ကြီးဆိုင်ရာ အချက်အလက်နှင့် စာရွက်စာတမ်းများ၊ အထောက်အထားများနှင့် နမ့်လန်မြို့ မစျေးသစ်ကြီးအတွက် အမှိုက်သိမ်းယာဉ်(၁)စီးနှင့် မတည်ငွေကျပ် သိန်း(၁၀၀) အား ရှမ်းပြည်အလှကုမ္ပဏီလီမိတက် MD ဦးညီညီတင်က သီပေါမြို့နယ် စည်ပင်သာယာရေးဋ္ဌာနသို့ လွှဲပြောင်းပေးအပ်ခဲ့ရာ အမှုဆောင်အရာရှိ ဦးအောင်စည်မှ လက်ခံရယူခဲ့သည်။

ဆက်လက်၍ နမ့်လန်မြို့စျေးသစ်ဆိုင်းဘုတ်အား တာဝန်ရှိသူများက ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့ကြပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ ၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်မှ စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးခဲ့ကာ ကမ္ပည်းမော်ကွန်းအား ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ စည်ပင်သာယာရေးဝန်ကြီးနှင့် လွှတ်တော်ကိုယ်စား လှယ်များက အမွှေးနံ့သာရည်ဖြင့် ပက်ဖျန်းပေး ခဲ့ကြသည်။ ထို့နောက် နမ့်လန်စျေး တည်ဆောက်ရေး တာဝန်ခံ ဦးကျော်ကျော်လွင်က စျေးတည်ဆောက်ရေး လုပ်ငန်းနှင့်ပတ်သက်၍ ရှင်းလင်း တင်ပြခဲ့သည်။

ယင်းနောက် ရှမ်းပြည်နယ်စည်ပင် သာယာရေးဝန်ကြီးဌာန၊ ဝန်ကြီးဦးစိုင်းစွံဆိုင်းမှ ရှမ်းပြည်အလှ ကုမ္ပဏီသို့ ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ရာ ရှမ်းပြည်အလှကုမ္ပဏီလီမိတက်မှ MD ဦးညီညီတင်က   လက်ခံရယူခဲ့သည်။ အဆိုပါ    နမ့်လန်ကျေးရွာ စျေးဟောင်းသည် ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ (၆)ရက်နေ့ ညပိုင်းအချိန်တွင် မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့ရပြီး ယခုအခါ နမ့်လန်ကျေးရွာစျေးသစ်ကြီးကို စျေးသူ/စျေးသားများ၏ ဆန္ဒအရ အသစ်ပြန်လည်တည်ဆောက်ခြင်း ဖြစ်ကြောင်း သိရသည်။

ခင်လေး(သီပေါ၊ ပြန်/ဆက်)