ရန်ကုန် ဇန်နဝါရီ ၂၆
၂၀၂၀ ပြည့်နှစ် တရုတ်ရိုးရာ နှစ်သစ်ကူးပွဲတော် ဆွမ်းဆန်စိမ်း လောင်းလှူပွဲနှင့် ရေစက်ချ အလှူတော်မင်္ဂလာ အခမ်းအနားကို ယနေ့ မွန်းလွဲ ၃ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး လသာမြို့နယ်နှင့် မဟာဗန္ဓုလလမ်းထောင့်ရှိ ယာယီမင်္ဂလာ မဏ္ဍပ်၌ ကျင်းပသည်။
အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ဗန်းမော်ကျောင်းတိုက် ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသ အမှူး ပြုသော ဆရာတော် သံဃာတော်များ ကြွရောက်တော် မူကြပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရ ဦးအောင်ကို၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ မြန်မာနိုင်ငံဆိုင်ရာ နီပေါသံအမတ်ကြီး၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အလှူရှင်များ တက်ရောက်ကြသည်။
ရှေးဦးစွာ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ဗန်းမော်ကျောင်းတိုက် ဆရာတော်ထံမှ ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ နီပေါသံအမတ်ကြီး၊ အလှူရှင်များနှင့် ဧည့်ပရိသတ်တို့က ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ဆရာတော် သံဃာတော်များက ပရိတ်တရားတော်များ ရွတ်ပွားသရဇ္စျာယ်တော် မူကြသည်။
ထို့နောက် ကြွရောက်တော်မူလာကြသည့် ဆရာတော် သံဃာတော်များအား ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ နီပေါသံအမတ်ကြီး၊ အလှူရှင်များနှင့် ဧည့်ပရိသတ်တို့က လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း ကြသည်။
ယင်းနောက် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ဗန်းမော်ကျောင်းတိုက် ဆရာတော်ထံမှ ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ နီပေါသံအမတ်ကြီး၊ အလှူရှင်များနှင့် ဧည့်ပရိသတ်တို့က ရေစက်ချ အနုမောဒနာ တရားနာယူကြပြီး လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းလောင်း အမျှပေးဝေကြပြီး အခမ်းအနားကို ရုပ်သိမ်း လိုက်သည်။
အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ နီပေါသံအမတ်ကြီး၊ အလှူရှင်များက ဆရာတော် သံဃာတော်အပါး (၁၀၀၀) နှင့် သီလရှင် ဆရာလေး အပါး(၅၀၀) တို့အား ဆွမ်းဆန်စိမ်းလောင်းလှူ ကြသည်။
(သတင်းစဉ်)