နေပြည်တော် ဇွန် ၁၇
တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင်၏ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၌ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ် (State Visit) ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံသို့ ယနေ့မွန်းလွဲပိုင်းတွင် ရှန်ဟိုင်းမြို့၊ မြို့တော်ဝန် မစ္စတာ ကုန်းကျန့်က ခေတ္တတည်းခိုလျက်ရှိသည့် Fairmont Peace ဟိုတယ်ရှိ Peace ဧည့်ခန်းမဆောင်၌ လာရောက်ဂါရဝပြုတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် ရှန်ဟိုင်းမြို့၊ မြို့တော်ဝန်က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတအနေဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့်ခရီးစဉ်(State Visit) လာရောက်မှုအပေါ် လှိုက်လှဲနွေးထွေးစွာကြိုဆိုပါကြောင်း ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး ရှန်ဟိုင်းမြို့ဆိုင်ရာအချက်အလက်များ၊ ရှန်ဟိုင်းမြို့ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင်၏လမ်းညွှန်ချက်နှင့်အညီ နိုင်ငံတကာစီးပွားရေးဗဟို၊ အပြည်ပြည်ဆိုင်ရာငွေကြေးဗဟို၊ အပြည်ပြည်ဆိုင်ရာကုန်သွယ်ရေးဗဟို၊ အပြည်ပြည်ဆိုင်ရာရေကြောင်းဗဟိုနှင့် အပြည်ပြည်ဆိုင်ရာ သိပ္ပံနှင့်နည်းပညာဆန်းသစ်တီထွင်ရေးဗဟိုမြို့အဖြစ် ကြိုးပမ်းတည်ဆောက်လျက်ရှိသည့် အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် နိုင်ငံတော်သမ္မတက မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအပါအဝင် နှစ်နိုင်ငံဘက်ပေါင်းစုံပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး၊ မြန်မာနိုင်ငံတွင်ထာဝရငြိမ်းချမ်းရေးရရှိရန်အတွက် ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်ရေး၊ တရုတ်နိုင်ငံမှရင်းနှီးမြှုပ်နှံမှုများတိုးမြှင့်ရေးနှင့် နှစ်နိုင်ငံကုန်သွယ်မှုကဏ္ဍမြှင့်တင်နိုင်ရေးတို့အတွက်ရည်ရွယ်၍ တရုတ်နိုင်ငံသို့ လာရောက်ရခြင်းဖြစ်ကြောင်း၊ နှစ်နိုင်ငံအကြားရှည်လျားသည့် နယ်နိမိတ်ထိစပ်နေမှုနှင့်အတူ ကူးလူးဆက်ဆံမှုသမိုင်းကြောင်းကောင်းများလည်းရှိပြီးဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် မြေပေါ်မြေအောက် သယံဇာတများပေါကြွယ်ဝသည့်နိုင်ငံတစ်ခုဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုများ အောင်မြင်စွာဆောင်ရွက်နိုင်မည့် အခြေအနေကောင်းများကိုပိုင်ဆိုင်ထားရှိကြောင်း၊ တရုတ်နိုင်ငံမှ စီးပွားရေးလုပ်ငန်းများအနေဖြင့်မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများကိုယုံကြည်စိတ်ချစွာ ဆောင်ရွက်ရန် ဖိတ်ခေါ်လိုကြောင်း ပြန်လည်ဆွေးနွေးပြောကြားသည်။
ယင်းနောက် နိုင်ငံတော်သမ္မတနှင့် ရှန်ဟိုင်းမြို့တော်ဝန်တို့သည် မြန်မာနိုင်ငံနှင့်တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့တို့အကြား ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ဆောင်ရွက်သွားနိုင်မည့် အခြေအနေများနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ ခရီးစဉ်တွင်လိုက်ပါလာကြသည့် အဖွဲ့ဝင်များ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးဇော်လင်းမြင့်နှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး ရှန်ဟိုင်းမြို့၊ မြို့တော်ဝန်နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီး H.E. Ms. Ma Jia နှင့်တာဝန်ရှိသူများ တက်ရောက်ကြသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်သမ္မတနှင့်ရှန်ဟိုင်းမြို့၊ မြို့တော်ဝန်တို့သည် ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြပြီး ရှန်ဟိုင်းမြို့၊ မြို့တော်ဝန်မှ တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုညစာကို အတူတကွ သုံးဆောင်ကြသည်။
ညပိုင်းတွင် နိုင်ငံတော်သမ္မတသည် ခရီးစဉ်တွင်လိုက်ပါလာသည့် ကိုယ်စားလှယ်အဖွဲ့ဝင်များ လိုက်ပါ၍ ရှန်ဟိုင်းမြို့၊ ဟွမ်းဖုမြစ်ကြောင်းတစ်လျှောက် သင်္ဘောဖြင့်လိုက်ပါစီးနင်း၍ ရှန်ဟိုင်းမြို့၏ ညပိုင်းမြို့ပြဖွံ့ဖြိုးတိုးတက်မှုအလှများကို လေ့လာကြည့်ရှုကြသည်။
ဦးစွာ နိုင်ငံတော်သမ္မတဦးဆောင်သည့်အဖွဲ့ဝင်များသည် ရှန်ဟိုင်းမြို့၊ ဟွမ်းဖုဆိပ်ကမ်းသို့ ရောက်ရှိလာရာ ရှန်ဟိုင်းမြို့မှ အမြင့်ဆုံးတာဝါဖြစ်သည့် Oriental Tower မှ တာဝန်ခံနှင့် တာဝန်ရှိသူများက လှိုက်လှဲနွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ကြသည်။
ဆက်လက်၍ နိုင်ငံတော်သမ္မတသည် Oriental Pearl 2 အမည်ရှိ သင်္ဘောပေါ်သို့ ရောက်ရှိကြရာ ဧည့်ခန်းမဆောင်အတွင်း၌ Oriental Tower မှ တာဝန်ရှိသူက ဟွမ်းဖုမြစ်ကြောင်းတစ်လျှောက်ရှိ အဆောက်အဦများ၏ ဖွံ့ဖြိုးတိုးတက်လာမှုများနှင့်ပတ်သက်၍ဆွေးနွေးတင်ပြရာ နိုင်ငံတော်သမ္မတက သိရှိလိုသည်များပြန်လည်မေးမြန်းဆွေးနွေးသည်။
ထို့နောက် နိုင်ငံတော်သမ္မတသည် ဟွမ်းဖုမြစ်ကြောင်းတစ်လျှောက်၌ မြို့ပြဖွံ့ဖြိုးတိုးတက်မှု အခြေအနေများနှင့် မြစ်ကြောင်းထိန်းသိမ်းထားရှိမှုအခြေအနေများ၊ ရှန်ဟိုင်းမြို့ဒေသခံများ၏ အပန်းဖြေအနားယူနေမှုနှင့် လူမှုဘဝလှုပ်ရှားသွားလာနေမှုများအားကြည့်ရှုလေ့လာပြီး တာဝန်ရှိသူများ၏တင်ပြချက်များအပေါ် သိရှိလိုသည်များပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
