ကမ္ဘာတစ်ဝန်းရှိ ပြည်သူများအား အန္တရာယ်ပေးလျက်ရှိပြီး စိန်ခေါ်မှုကြီးကြီးမားမားဖြစ်နေသော အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှု တိုက်ဖျက်ရေးလုပ်ငန်းများကို ကမ္ဘာ့နိုင်ငံများနည်းတူ မြန်မာနိုင်ငံတွင် အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် တိုက်ဖျက်နှိမ်နင်းလျက်ရှိသည်။ အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားမှုများကို အထူးသဖြင့် အလှမ်းဝေးသော နယ်စပ်ဒေသများတွင်အခြေပြုပြီး လုပ်ကိုင်နေမှုများကို နိုင်ငံတော်က ထိထိရောက်ရောက် ရှာဖွေဖော်ထုတ်တိုက်ဖျက်နေသလို ပြည်တွင်း၌ကျူးလွန်နေသူများကိုလည်း ရှာဖွေဖော်ထုတ် ဖမ်းဆီးအရေးယူလျက်ရှိသည်။
အွန်လိုင်းလိမ်လည်မှုများကို ထိထိရောက်ရောက်တိုက်ဖျက်လျက်ရှိသော်လည်း အွန်လိုင်းလောင်းကစားမှုများမှာမူ ပြင်ပတရားမဝင် ရုပ်သံချန်နယ်များတွင်လည်းကောင်း၊ အများပြည်သူအသုံးပြုသည့် လက်ကိုင်ဖုန်းအစီအစဉ်များတွင်လည်းကောင်း နေရာယူလုပ်ကိုင်ဆောင်ရွက်နေဆဲဖြစ်သည်ကို တွေ့ရသည်။ အွန်လိုင်းလောင်းကစားမှုသည် တိုက်ရိုက်လိမ်လည်ခြင်းမဟုတ်သော်လည်း အွန်လိုင်းပေါ်တွင် မက်လုံးအမျိုးမျိုးပေးပြီး ကစားနည်းမျိုးစုံဖြင့် သွယ်ဝိုက်သောလိမ်လည်နည်းတစ်မျိုးဖြစ်သည်။ စလော့ဂိမ်း၊ ငါးပစ်ဂိမ်း၊ ကျွဲဂိမ်း စသည့် ဂိမ်းအမျိုးမျိုးဆော့ကစားမိသောကြောင့် စီးပွားပျက်၊ ဘဝပျက်ခဲ့ကြသူ အမြောက်အမြားကို မြင်တွေ့နိုင်သည်။ ကောင်းကျိုးမပေးသည့် လောင်းကစားဂိမ်းအမျိုးမျိုးကိုလည်း ရှာဖွေဖော်ထုတ် တိုက်ဖျက်နှိမ်နင်းရမည်ဖြစ်သည်။
ဇွန်လ ၁၇ ရက်က ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ်ရှိ နေအိမ်တစ်လုံး၌ အွန်လိုင်းလိမ်လည်မှုပြုလုပ်လျက်ရှိသည့် မြန်မာနိုင်ငံသူ နိုင်ငံသားစုစုပေါင်း ၁၆ ဦးကို ဖမ်းဆီးရမိခဲ့သည်။ ၎င်းတို့အဖွဲ့လိမ်လည်နည်းမှာ ၎င်းတို့၏လက်ကိုင်ဖုန်းတွင် ဆိုရှယ်မီဒီယာအကောင့်များ ထည့်သွင်းပေးထားပြီး တရုတ်နိုင်ငံသားများနှင့်ဆက်သွယ်၍ အလှကုန်၊ လူသုံးကုန်နှင့်ကျောက်စိမ်းများရောင်းချမည်ဟု စည်းရုံးပြောဆိုကာ ဝယ်ယူမည်ဆိုပါက ဓာတ်ပုံနှင့်ယွမ်ငွေပေးပို့ရပြီး မသင်္ကာပါက အထောက်အထားများထပ်မံပြ၍ ယုံကြည်အောင်ပြုလုပ်သည့် အွန်လိုင်းလိမ်လည်နည်းတစ်မျိုးဖြစ်သည်။ လိမ်လည်မှုများပြီးဆုံးပြီး အခြေအနေမကောင်းသည့်အခါ လက်ကိုင်ဖုန်းနှင့် ဆက်စပ်ပစ္စည်းများကို စွန့်ပစ်သည့်နည်းလမ်းဖြစ်သည်။
အွန်လိုင်းလောင်းကစားမှုများကို အီလက်ထရောနစ်ဆက်သွယ်ရေးဥပဒေ၊ ဆိုက်ဘာလုံခြုံရေးဥပဒေဖြင့် အရေးယူဆောင်ရွက်လျက်ရှိသည်။ ဆက်သွယ်ရေး နည်းပညာကိုအသုံးပြု၍ အွန်လိုင်းလောင်းကစားမှု ပပျောက်စေရေးအတွက် ၂၀၂၅ ခုနှစ်မှ ၂၀၂၆ ခုနှစ် ဧပြီလအထိ တရားမဝင်အွန်လိုင်းလောင်းကစားဝက်ဘ်ဆိုက်များနှင့် အက်ပလီကေးရှင်းလင့်ခ်များကို အော်ပရေတာများမှတစ်ဆင့် မြန်မာနိုင်ငံအတွင်း ဝင်ရောက်ကြည့်ရှုခွင့်မရစေရန် IP Block ပြုလုပ်ခြင်း ဆောင်ရွက်လျက်ရှိသည်။ အဆိုပါကာလအတွင်း လောင်းကစားမှုနှင့်ဆက်စပ်လျက်ရှိသည့် ဖေ့စ်ဘွတ်၊ တယ်လီဂရမ်၊ ဗိုက်ဘာ စသည့်ပလက်ဖောင်းများပေါ်မှ ချန်နယ်များနှင့်အကောင့်များကို ပိတ်သိမ်းနိုင်ခဲ့သည်။ လောင်းကစားငွေများလွှဲပြောင်းသည့် Mobile Wallet များကို တင်းကျပ်စွာစောင့်ကြည့်လျက်ရှိပြီး တရားမဝင်ငွေစာရင်းဖွင့်အသုံးပြုသည့် မှတ်ပုံမတင်ထားသောဆင်းကတ်များကို အပြီးတိုင်ပိတ်သိမ်းလျက်ရှိသည်။
မြေပြင်စီးနင်းရှာဖွေမှုနှင့် ဖမ်းဆီးနှိမ်နင်းရေးဆိုင်ရာ လှုပ်ရှားဆောင်ရွက်မှုများအနေဖြင့် လောင်းကစားဂိမ်းဆိုင်များ၊ အွန်လိုင်းလောင်းကစားလုပ်ငန်း ဗဟိုချက်အသွင် လုပ်ကိုင်နေသည့် ရုံးခန်းများကို သတင်းရယူကာ ရှောင်တခင်ဝင်ရောက်စီးနင်းဖမ်းဆီးခြင်း၊ ပစ္စည်းများနှင့် ငွေကြေးများကို သိမ်းဆည်းခြင်း၊ အွန်လိုင်းလောင်းကစားနှင့် အွန်လိုင်းငွေလိမ်ဂိုဏ်းများ အခြေစိုက်လေ့ရှိသည့် နယ်စပ်ဒေသများတွင် အိမ်နီးချင်းနိုင်ငံများနှင့်ပူးပေါင်းကာ နိုင်ငံဖြတ်ကျော်မှုခင်းနှိမ်နင်းရေးစီမံချက်များဖြင့် ဖမ်းဆီးခြင်း၊ တရားခံလွှဲပြောင်းခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည်။ နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းလောင်းကစားမှုပပျောက်စေရေးအတွက် အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာဥပဒေပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ရာ ပြည်တွင်း၌ အွန်လိုင်းလိမ်လည်မှုကျူးလွန်သူများကို ရှာဖွေဖော်ထုတ် ဖမ်းဆီးအရေးယူလျက်ရှိပြီး ဖမ်းဆီးရမိသူများကို ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ထိထိရောက်ရောက် ပြင်းပြင်းထန်ထန် အရေးယူလျက်ရှိသည်။ အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုများ မြန်မာနိုင်ငံအတွင်း လုံးဝအခြေမပြုနိုင်ရေး၊ ပြည်တွင်းအင်အားစုများအပြင် ပြည်ပနိုင်ငံအစိုးရများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နိုင်ရန်အတွက် အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစား မှုများတိုက်ဖျက်ရေးကြီးကြပ်မှုဗဟိုကော်မတီကိုဖွဲ့စည်းပြီး အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုများ အမြစ်ပြတ်တိုက်ဖျက်နိုင်ရေးအတွက် အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ပြင်းပြင်းထန်ထန် ထိထိရောက်ရောက် တိုက်ဖျက်နှိမ်နင်းလျက်ရှိပါကြောင်း။ ။
