ဖလမ်း ဇွန် ၂၂
ချင်းပြည်နယ်၊ ဖလမ်းမြို့၌ စည်ပင်သာယာရေးဈေးပြန်လည်ဖွင့်လှစ်ပြီး ဟင်းသီးဟင်းရွက် သားငါးရောင်းချနေမှုနှင့် ကျောင်းဖွင့်လှစ်မှုအခြေအနေများကို ဇွန်လ ၂၂ ရက်၊ နံနက်ပိုင်းက ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသူရိန်နှင့်အဖွဲ့၀င်များက ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်းသိရသည်။
ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့၀င်များသည် ဖါရ်ထောက်ရပ်ကွက်ရှိ စည်ပင်သာယာရေးဈေးတွင် သားငါးနှင့် ဟင်းသီးဟင်းရွက်မျိုးစုံ၊ ပဲမျိုးစုံ ရောင်းချနေမှု၊ အမဲသားခုံနှင့် ၀က်သားခုံများတွင် အသားများ ဈေးနှုန်းချိုသာစွာ ရောင်းချပေးနေမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။
ဖလမ်းမြို့စည်ပင်သာယာရေးဈေးသည် အုတ်ညှပ်တစ်ထပ်အဆောက်အဦဖြစ်ပြီး ဆိုင်ခန်းပေါင်း (၄၇) ခန်း၊ ဆိုင်တန်းပေါင်း (၂၄) တန်းရှိကာ နေ့စဉ်ဈေးဖွင့်လှစ်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့နောက် ဖလမ်းမြို့ရက်ကန်းသင်တန်းကျောင်းနှင့် စမ်းရေထွက်နေရာတို့ကို ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာ၀န်ရှိသူများသည် ကျင်မွာလ်ရပ်ကွက်ရှိ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းသို့ ရောက်ရှိပြီး မြို့နယ်ပညာရေးမှူး ဦးထိန်လင်းအောင်၊ ကျောင်းတာ၀န်ခံနှင့် ဆရာ/ ဆရာမများ၊ မြို့မိမြို့ဖဥက္ကဋ္ဌနှင့် အဖွဲ့၀င်များနှင့်အတူ ကျောင်းအုပ်ကြီးရုံးခန်းတွင် တွေ့ဆုံကာ ရေရရှိရေးနှင့် ကျောင်းလိုအပ်ချက်များ ဖြည့်ဆည်းရေးညှိနှိုင်းဆွေးနွေးခဲ့ကြပြီးနောက် ကျောင်းစာသင်ခန်းများ လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ဖလမ်းမြို့နယ်၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ ဇွန်လ ၂၂ ရက်နေ့အထိ ကျောင်းအပ်နှံမှုမှာ မူလတန်းကျောင်းသား/ သူ (၉၇၉) ဦး၊ အလယ်တန်း (၆၀) ဦး၊ အထက်တန်း (၁၂) ဦးစုစုပေါင်း (၁၀၅၁) ဦးရှိကြောင်းသိရသည်။ ဖလမ်းမြို့နယ်တွင် ကျောင်းပေါင်း (၁၇၉) ကျောင်းရှိသည့်အနက် မူလတန်းကျောင်း၊ မူလတန်းလွန်ကျောင်း၊ အလယ်တန်းကျောင်းနှင့် အလယ်တန်း (ခွဲ) ကျောင်း (၆၀) ကျောင်း၊ အလယ်တန်းကျောင်းနှင့် အထက်တန်း(ခွဲ) ကျောင်း (၁၉) ကျောင်း၊ အထက်တန်းကျောင်း (၉) ကျောင်းစုစု ပေါင်း (၈၈) ကျောင်း ဖွင့်လှစ်နိုင်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ဖလမ်းမြို့နယ်အနေဖြင့် ယခင်နှစ် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် ကျောင်းအပ်နှံမှုမှာ မူလတန်းကျောင်းသား/ သူ (၃၄၄) ဦးနှင့် အလယ်တန်းအဆင့် (၅၃) ဦးသာရှိခဲ့ကြောင်း အဆိုပါကျောင်းမှ သိရသည်။
ခရိုင်ပြန်ဆက် (ဖလမ်း)
