Skip to main content

ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ ကမ္ဘာလုံးဆိုင်ရာ ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်ရေးညီလာခံတက်ရောက်

နေပြည်တော် ဇွန် ၂၄

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တွင်ကျင်းပသည့် ၂၀၂၆ ခုနှစ် ကမ္ဘာလုံးဆိုင်ရာ ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်ရေးညီလာခံ (Global Sustainable Development Congress 2026 – GSDC 2026) တက်ရောက်ရန် ဇွန် ၂၂ ရက်တွင် ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့်ထွက်ခွာရာ ညနေပိုင်းတွင် ဂျကာတာမြို့သို့ရောက်ရှိကြသည်။

ညီလာခံကို အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ရှိ Indonesia Convention Exhibition (ICE) ၌ ကျင်းပပြီး အင်ဒိုနီးရှားနိုင်ငံအဆင့်မြင့်ပညာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနဝန်ကြီး၊ ဒုတိယဝန်ကြီး၊ အရှေ့တောင်အာရှနှင့်အာရှနိုင်ငံများမှ ပညာရေးဆိုင်ရာအကြီးအကဲများ၊ နိုင်ငံတကာမှတက္ကသိုလ်များနှင့် ပညာရေးအဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ လေ့လာသူများ တက်ရောက်ကြသည်။

ညီလာခံတွင် ခေါင်းစဉ်အလိုက် ဆွေးနွေးပွဲများကို သီးခြားစီကျင်းပကြသည့်အပြင် နိုင်ငံတကာမှ တက္ကသိုလ်များနှင့် ပညာရေးအဖွဲ့အစည်းများကလည်း ပြခန်းများဖွင့်လှစ်ပြသကြသည်။

ညီလာခံဆွေးနွေးမှုတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်က “ကျွမ်းကျင်မှုရှိသည့် ပညာတတ်များ ပြုစုပျိုးထောင်ခြင်းဖြင့် အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုကို တည်ဆောက်ခြင်း” ခေါင်းစဉ်ဖြင့်ပါဝင်ဆွေးနွေးရာ မြန်မာနိုင်ငံအနေဖြင့် ကျွမ်းကျင်မှုအခြေခံသည့် အရည်အသွေးပြည့်ဝသော ပညာရေးဖြစ်လာစေရန် တွန်းအားပေးဆောင်ရွက်လျက်ရှိကြောင်း၊ ပညာရေးသည် နိုင်ငံဖွံ့ဖြိုးမှု၏ အခြေခံအုတ်မြစ်ဖြစ်သည့်အတွက် ပညာရေးဘတ်ဂျက်ကို တိုးမြှင့်သုံးစွဲပြီး နည်းပညာမြင့်မား၍ အရည်အသွေးပြည့်ဝသည့် ပညာတတ်များဖြစ်ရန် ပြုစုပျိုးထောင်ပေးလျက်ရှိကြောင်း ထည့်သွင်းဆွေးနွေးသည်။

အဆိုပါ ညီလာခံကို ဇွန် ၂၂ ရက်မှ ၂၅ ရက်အထိ လေးရက်ကြာကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်