Skip to main content

ကမ္ဘာလုံးဆိုင်ရာ ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်ရေးညီလာခံ(တတိယနေ့)သို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန် ဆက်လက်တက်ရောက်၊ နိုင်ငံတကာတက္ကသိုလ်များနှင့် ပူးပေါင်းဆောင်ရွက်ရန်ဆွေးနွေး

နေပြည်တော် ဇွန် ၂၅

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ရှိ Indonesia Convention Exhibition (ICE) ၌ ကျင်းပလျက်ရှိသည့် ၂၀၂၆ ခုနှစ်ကမ္ဘာလုံးဆိုင်ရာ ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်ရေးညီလာခံကို ယမန်နေ့က တတိယနေ့အဖြစ် ဆက်လက်ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန် ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ ဆက်လက်တက်ရောက်ကြသည်။

ညီလာခံ တတိယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ညီလာခံနှင့်အတူ တွဲဖက်ကျင်းပလျက်ရှိသည့် ပညာရေးပြပွဲ (Education Exhibition) သို့ သွားရောက်၍ နိုင်ငံတကာမှ တက္ကသိုလ်များနှင့် ပညာရေးအဖွဲ့အစည်းများက ခင်းကျင်းပြသထားသည့် ပြခန်းများကို လှည့်လည်ကြည့်ရှုလေ့လာကြသည်။

ထိုသို့ လှည့်လည်ကြည့်ရှုစဉ် ပြခန်းအသီးသီးမှ တာဝန်ရှိသူများက မိမိတို့တက္ကသိုလ်များ၏ ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ သုတေသနတွေ့ရှိချက်များ၊ ပညာရေးဆိုင်ရာ တီထွင်ဆန်းသစ်မှုများနှင့် သင်ရိုးညွှန်းတမ်းပြုပြင်ပြောင်းလဲမှု အခြေအနေများကို လိုက်လံရှင်းလင်းပြသကြရာ ပြည်ထောင်စုဝန်ကြီးက သိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးသည်။

အဆိုပါ ပညာရေးပြပွဲအတွင်း ပြည်ထောင်စုဝန်ကြီးသည် အာရှနှင့် ပစိဖိတ်ဒေသတွင်းရှိ ထိပ်တန်းနိုင်ငံတကာတက္ကသိုလ်များမှ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ မြန်မာနိုင်ငံရှိ တက္ကသိုလ်များနှင့် ပညာရေးကဏ္ဍတွင် အပြန်အလှန် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

ထိုသို့ဆွေးနွေးရာတွင် မြန်မာနိုင်ငံရှိ တက္ကသိုလ်များနှင့် နိုင်ငံတကာ တက္ကသိုလ်များအကြား ပညာရေးနှင့် သုတေသနလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန်၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ အပြန်အလှန်လဲလှယ်ရေး အစီအစဉ်များ (Exchange Programs) ဖော်ဆောင်ရန်၊ ပူးတွဲသုတေသနလုပ်ငန်းများ (Joint Research) တိုးမြှင့်လုပ်ဆောင်ရန်နှင့် နည်းပညာရပ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု မူဘောင်များ တည်ဆောက်နိုင်ရေးကိစ္စရပ်များကို အသေးစိတ် ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်