နေပြည်တော် ဇွန် ၂၉
နိုင်ငံတော်တည်ငြိမ်ရေးနှင့် နယ်မြေအေးချမ်းသာယာရေးအတွက် ကယားပြည်နယ်အတွင်း စစ်ဆင်ရေးနှင့်နယ်မြေလုံခြုံရေးတာဝန်များကိုထမ်းဆောင်၍ အောင်ပွဲအလီလီရရှိခဲ့သည့် အောင်ပွဲရ ရှေ့တန်းပြန်နိုင်ငံ့သားကောင်းတပ်မတော်သားများအား ဂုဏ်ပြုကြိုဆိုခြင်းကို ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လွိုင်လင်မြို့ရှိနယ်မြေခံတပ်ရင်း၌ပြုလုပ်ရာ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည် မိသားစုဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံတိုင်းရင်းသားပြည်သူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် တိုင်းရင်းသားရိုးရာအကအဖွဲ့များ တက်ရောက်ကြသည်။
တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိ တိုင်းရင်းသားပြည်သူများ စိတ်အေးချမ်းသာစွာ နေထိုင်လုပ်ကိုင်စားသောက်နိုင်ရေးနှင့် အသက်အိုးအိမ်စည်းစိမ်ဥစ္စာ လုံခြုံမှုရှိစေရေး၊ နိုင်ငံတော်တည်ငြိမ်ရေး၊ နယ်မြေအေးချမ်းရေးအတွက် ရှေ့တန်းစစ်မျက်နှာများတွင် စစ်ဆင်ရေးတာဝန်များကို နေ့မအားညမနား စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်ခဲ့သော ရှေ့တန်းပြန်တပ်မတော်သားများအား တက်ရောက်လာကြသူများက အောင်သပြေခက်များ၊ ပန်းကုံးများဖြင့်လည်းကောင်း၊ အိုးစည်ဒိုးပတ်၊ အတီးအမှုတ်အကအခုန်များဖြင့်လည်းကောင်း ဝမ်းမြောက်စွာသောင်းသောင်းဖြဖြ ကြိုဆိုဂုဏ်ပြုခဲ့ကြသည်။ ထို့နောက် တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူတစ်ဦးက အောင်ပွဲရရှေ့တန်းပြန်တပ်မတော်သားများအား ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
