Skip to main content

လူမှုစီးပွားဘဝ အခက်အခဲများ သမဝါယမစနစ်ဖြင့် ကျော်လွှား

ဆန္ဒအလျောက် ပါဝင်ပူးပေါင်းထားသူများက မိမိတို့၏ စီးပွားရေး၊ လူမှုရေးဆိုင်ရာ လိုအပ်ချက်များနှင့် လိုအင်ဆန္ဒများကို ဖြည့်ဆည်းရန်အတွက် ပူးပေါင်းပိုင်ဆိုင်ပြီး အများဆန္ဒနှင့်အညီ စီမံခန့်ခွဲဆောင်ရွက်သည့် အဖွဲ့အစည်းသည် သမဝါယမအဖွဲ့အစည်းပင်ဖြစ်သည်။ တစ်ဦးချင်းရင်ဆိုင်ဖြေရှင်းရန် ခက်ခဲသည့် လူမှုစီးပွားဆိုင်ရာအခက်အခဲများကို စိတ်တူကိုယ်တူ စုပေါင်းအားဖြင့် အောင်မြင်စွာ ဖြေရှင်းနိုင်ခဲ့ကြသည့် သမဝါယမစနစ် ဤကမ္ဘာမြေပေါ်တွင် ပေါ်ပေါက်ခဲ့သည်မှာ နှစ်ပေါင်း ၁၀၀ ကျော်ခဲ့ပြီဖြစ်သည်။

အသင်းသားများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက်သာ ဆောင်ရွက်ခြင်းဖြစ်သည့် သမဝါယမလုပ်ငန်းသည် မည်သည့်နိုင်ငံရေးစနစ်တွင်မဆို လိုက်လျောညီထွေစွာ ရပ်တည်ရှင်သန်နိုင်စွမ်းရှိပြီး လူ့အဖွဲ့အစည်းကို အကျိုးပြုနိုင်သည့် လှုပ်ရှားမှုမျိုးဖြစ်သည့်အလျောက် ကမ္ဘာ့နိုင်ငံပေါင်းများစွာတို့တွင် သမဝါယမအသင်းသား သန်းပေါင်းများစွာ ရှိနေကြပြီဖြစ်သည်။ သမဝါယမ၏ ကျင့်ဝတ်သည် ရိုးသားခြင်း၊ ပွင့်လင်းခြင်း၊ လူမှုရေးစိတ်ဓာတ်ရှိခြင်း၊ အများအကျိုးကို အလေးထားခြင်းတို့ဖြစ်ပြီး သမဝါယမ၏အနှစ်သာရမှာ ကိုယ့်အားကိုယ်ကိုးခြင်း၊ ကိုယ်တိုင်တာဝန်ယူဆောင်ရွက်ခြင်း၊ အများဆန္ဒနှင့်အညီ စီမံခန့်ခွဲခြင်း၊ တန်းတူညီမျှခြင်း၊ တရားမျှတခြင်း၊ စည်းလုံးညီညွတ်ခြင်းတို့ဖြစ်သည်။ သမဝါယမ၏ ကျင့်ဝတ်နှင့် အနှစ်သာရတို့သည်ပင် သမဝါယမ၏ ဝိသေသလက္ခဏာ (Cooperative Identity) ဖြစ်သည်။

စီးပွားရေးအရ ပါဝင်မှု၊ လူမှုရေးဆိုင်ရာ တရားမျှတမှုနှင့် ရပ်ရွာအဖွဲ့အစည်း ပြန်လည်ထူထောင်မှုတို့ကို သမဝါယမလုပ်ငန်းများက မည်သို့မြှင့်တင်ပေးနေသည်ကို ထင်ထင်ရှားရှား သိမြင်နိုင်ကြစေရန်အတွက် ၁၉၉၄ ခုနှစ်တွင် ကျင်းပသည့် (၄၉) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံက နှစ်စဉ် ဇူလိုင်လ၏ ပထမဆုံး စနေနေ့ကို “အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့” အဖြစ် သတ်မှတ်ကြေညာခဲ့သည်။ ယခုနှစ် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့သည် ဇူလိုင်လ ၄ ရက် (စနေနေ့) တွင် ကျရောက်ပြီး ယခုနှစ်၏ ဆောင်ပုဒ်မှာ "Cooperatives for a Peaceful world" “ကမ္ဘာမြေငြိမ်းချမ်းဖို့ သမဝါယမများက ဝန်းရံစို့” ဟူ၍ဖြစ်သည်။

အပြည်ပြည်ဆိုင်ရာ သမဝါယမအခြေခံမူများမှာ (၁) ဆန္ဒအလျောက် လွတ်လပ်စွာ အသင်းသားအဖြစ် ပါဝင်ခွင့်ရှိခြင်း (Voluntary and Open Membership)၊ (၂) အသင်းသားများ၏ ဆန္ဒနှင့်အညီ စီမံခန့်ခွဲခြင်း (Democratic Member Control)၊ (၃) အသင်း၏ စီးပွားရေးလုပ်ငန်းများတွင် အသင်းသားများ ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်း ( Member Economic Control)၊ (၄) အသင်းတွင် ကိုယ်ပိုင်အုပ်ချုပ်မှုနှင့် လွတ်လပ်မှုရှိခြင်း (Autonomy and Independence)၊ (၅) ပညာပေးရေး၊ လေ့ကျင့်ရေးနှင့် သမဝါယမသတင်းအချက်အလက်ဖြန့်ဝေရေး လုပ်ငန်းများဆောင်ရွက်ခြင်း (Education, Training and Information)၊ (၆) သမဝါယမအသင်းအချင်းချင်း ပူးပေါင်းဆောင်ရွက်ခြင်း (Co-operation among Co-operatives)၊ (၇) အခြေခံလူ့အဖွဲ့အစည်း ဖွံ့ဖြိုးရေးအတွက် တာဝန်ခံခြင်း (Concern for Community) ဟူ၍ဖြစ်ရာ သမဝါယမလုပ်ငန်းများ လည်ပတ်လုပ်ကိုင်မှုနည်းလမ်းများမှာ ဒီမိုကရေစီနည်းကျဖြစ်သည့်အလျောက် ပဋိပက္ခများနှင့် မညီမျှမှုများကို ဖြေရှင်းရာတွင်လည်းကောင်း၊ ယုံကြည်မှုတည်ဆောက်ရာတွင်လည်းကောင်း ပံ့ပိုးပေးနိုင်သည်။ ကုလသမဂ္ဂနှင့် အပြည်ပြည်ဆိုင်ရာ သမဝါယမအဖွဲ့ချုပ်တို့ ဦးဆောင်ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့သည် လူထုဗဟိုပြု စီးပွားရေးလုပ်ငန်းများကို ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက်များနှင့် ချိတ်ဆက်ပေးသည်။

မိမိတို့နိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်ပြီး နိုင်ငံ၏စီးပွားရေးတွင် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းများမှာ အဓိကမောင်းနှင်အားဖြစ်သည်။ MSME လုပ်ငန်းများ လုပ်ကိုင်ရာတွင် စိန်ခေါ်မှုများစွာ ရှိနေရာ အဆိုပါစိန်ခေါ်မှုများကို ပုဂ္ဂလိကတစ်ဦးချင်းအနေဖြင့် ဖြေရှင်းကျော်လွှားနိုင်ရန် ခက်ခဲမည်ဖြစ်သည်။ MSME များ၏ အခက်အခဲများကို ကျော်လွှားနိုင်ရန်အတွက် စုပေါင်းလုပ်ဆောင်သည့်စနစ်၊ စိတ်တူသဘောတူ သမဝါယမပုံစံနှင့် အောင်မြင်အောင် ဆောင်ရွက်နိုင်ကြောင်း နိုင်ငံတော်သမ္မတက အကြံပြုလမ်းညွှန်ထားသည်။

ကမ္ဘာ့နိုင်ငံပေါင်း ၁၂၀ ခန့်တွင် သမဝါယမလုပ်ငန်းများ အောင်မြင်စွာ လည်ပတ်လုပ်ကိုင်လျက်ရှိပြီး သက်ဆိုင်ရာနိုင်ငံများ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွင် ပါဝင်အကျိုးပြုလျက်ရှိကြသည်။ ကမ္ဘာ့နိုင်ငံကြီးများဖြစ်ကြသည့် အမေရိကန်နှင့် အိန္ဒိယတို့သည် ကမ္ဘာပေါ်တွင် သမဝါယမအသင်းသား အများဆုံးနိုင်ငံကြီးများဖြစ်ကြရာ သမဝါယမစနစ်ကို ယုံယုံကြည်ကြည်၊ တက်တက်ကြွကြွနှင့် စနစ်တကျလုပ်ဆောင်ပါက ၎င်းတို့ကဲ့သို့ပင် အောင်မြင်နိုင်မည်ဖြစ်သည့်အကြောင်း။ ။