Skip to main content

ရှေးဟောင်းဝတ္ထုပစ္စည်းအပ်နှံခြင်းအတွက် ဆုကြေးငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာ ချီးမြှင့်

နေပြည်တော် ဇူလိုင် ၃

ရှေးဟောင်းဝတ္ထုပစ္စည်းများ လာရောက်အပ်နှံခဲ့ခြင်းအတွက် ဆုကြေးငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာ ချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက် ၁၁ နာရီတွင် ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ရုံးအမှတ် (၃၅) လောကနတ်ခန်းမ၌ ကျင်းပရာ ဟိုတယ်၊ ခရီးသွားလာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်က တက်ရောက်အမှာစကားပြောကြားသည်။

ထို့နောက် မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ် မြို့တွင်းကျေးရွာမှ ဦးသန်းဇော်က ဝါသနာအရ စုဆောင်းထားရှိသော ကျောက်ခေတ်၊ ကြေးခေတ်၊ ပျူခေတ်၊ ပုဂံခေတ်၊ ကုန်းဘောင်ခေတ်လက်ရာများဖြစ်သော ကျောက်၊ ကြေး၊ သံ၊ ရွှေ၊ ငွေ၊ မြေနှင့် အရိုးတို့ဖြင့် ပြုလုပ်ထားသည့် ရှေးဟောင်းဝတ္ထုပစ္စည်း ၃၁၃ ခု အပ်နှံခဲ့ခြင်းအတွက် ဆုကြေးငွေတွက်ချက်မှုအရ မူလတန်ဖိုး ငွေကျပ် ၈၆၄၇၇၆၇၊ ခေတ်ကာလ တန်ဖိုးငွေကျပ် ၆၇၁၃၂၅၉၊ ခေတ်လက်ရာ တန်ဖိုးငွေကျပ် ၃၆၃၅၁၈၁၊ ထပ်ဆောင်းတန်ဖိုးငွေကျပ် ၁၅၅၄၄၁၀ စုစုပေါင်း ငွေကျပ် ၂၀၅၅၀၆၁၇ နှင့် ဂုဏ်ပြုမှတ်တမ်းလွှာကိုလည်းကောင်း။

မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ် ပုတီးကုန်းကျေးရွာမှ ဦးဝင်းမင်းထွန်းက ဝါသနာအရ စုဆောင်းထားသည့် ကြေးခေတ်လက်ရာများဖြစ်သည့် ကြေးလက်နက် ၉၈ ခု အပ်နှံခဲ့ခြင်းအတွက် ဆုကြေးငွေတွက်ချက်မှုအရ မူလတန်ဖိုးငွေကျပ် ၁၃၅၆၀၀၀၊ ခေတ်ကာလတန်ဖိုး ငွေကျပ် ၁၂၂၀၄၀၀၊ ခေတ်လက်ရာတန်ဖိုးငွေကျပ် ၅၄၂၄၀၀၊ စုစုပေါင်း ငွေကျပ် ၃၁၁၈၈၀၀ နှင့် ဂုဏ်ပြုမှတ်တမ်းလွှာကို လည်းကောင်း။

နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ရှားတောကျေးရွာမှ ဦးနိုင်လင်းက ဝါသနာအရ စုဆောင်းထားသည့် ကြေးခေတ်၊ သံခေတ်၊ ပျူခေတ်၊ ပုဂံခေတ်၊ ဟံသာဝတီခေတ်လက်ရာများဖြစ်သော ကျောက်၊ ကြေး၊ သံနှင့်မြေထည်တို့ဖြင့် ပြုလုပ်ထားသည့် ရှေးဟောင်းဝတ္ထုပစ္စည်း ၁၂၅ ခု အပ်နှံခဲ့ခြင်း အတွက် ဆုကြေးငွေတွက်ချက် မှုအရ မူလတန်ဖိုးငွေကျပ် ၈၀၀၆၀၀၊ ခေတ်ကာလတန်ဖိုး ငွေကျပ် ၆၀၁၉၄၀၊ ခေတ်လက်ရာ တန်ဖိုးငွေကျပ် ၃၃၃၆၄၀ စုစုပေါင်း ငွေကျပ် ၁၇၃၆၁၈၀ နှင့် ဂုဏ်ပြု မှတ်တမ်းလွှာကိုလည်းကောင်း။

နေပြည်တော် ပျဉ်းမနားမြို့ ပန်းခင်း (၃) လမ်းမှ ဦးဝင်းကိုကိုက ကြေးခေတ်လက်ရာများဖြစ်သည့် ကြေးနှင့် အရိုးတို့ဖြင့် ပြုလုပ်ထားသည့် ရှေးဟောင်းဝတ္ထုပစ္စည်း ၃၆ ခု အပ်နှံခဲ့ခြင်းအတွက် ဆုကြေးငွေ တွက်ချက်မှုအရ မူလတန်ဖိုးငွေကျပ် ၃၉၂၀၀၀၊ ခေတ်ကာလ တန်ဖိုးငွေကျပ် ၃၅၂၈၀၀၊ ခေတ်လက်ရာတန်ဖိုး ငွေကျပ် ၁၅၆၈၀၀ စုစုပေါင်း ငွေကျပ် ၉၀၁၆၀၀ နှင့် ဂုဏ်ပြု မှတ်တမ်းလွှာကိုလည်းကောင်း ပေးအပ်ချီးမြှင့်သည်။

ယင်းနောက် ရှေးဟောင်းဝတ္ထုပစ္စည်းများ အပ်နှံခဲ့သူများက တစ်ဦးချင်းစီအလိုက် အပ်နှံခဲ့သည့် အကြောင်းအရာများ ရှင်းလင်းတင်ပြပြီး နိုင်ငံတော်က ဆုကြေးငွေများ ပြန်လည်ချီးမြှင့်ခဲ့ခြင်းအပေါ် ကျေးဇူးတင်စကားပြောကြားကြကြောင်း သိရသည်။

သတင်းစဉ်