ရန်ကုန် ဇန်နဝါရီ ၂၆
သမဝါယမတက္ကသိုလ်(သန်လျင်)၏ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်အတွက် သတ္တမအကြိမ်မြောက် ဘွဲ့နှင်းသဘင် အခမ်းအနားကို ဇန်နဝါရီ ၂၅ ရက် နံနက် ၉ နာရီတွင် ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပခဲ့သည်၊၊
အပ်နှင်းချီးမြှင့်
အဆိုပါ ဘွဲ့နှင်းသဘင်အခမ်းအနားတွင် စာရင်းကိုင်ပညာနှင့် ဘဏ္ဍာရေးပညာမဟာဘွဲ့ ၁၈ ဦး၊ အသုံးချ စာရင်းအင်းပညာမဟာဘွဲ့ သုံးဦး၊ ဈေးကွက်ဖော်ဆောင်ရေး စီမံခန့်ခွဲမှုပညာမဟာဘွဲ့ ၁၉ ဦး၊ ဒေသဆိုင်ရာဖွံ့ဖြိုးမှု ပညာမဟာဘွဲ့ လေးဦး၊ လူမှုစီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှု ပညာမဟာဘွဲ့ တစ်ဦး၊ စာရင်းကိုင်ပညာနှင့် ဘဏ္ဍာရေး ပညာဘွဲ့လွန်ဒီပလိုမာ တစ်ဦး၊ အသုံးချစာရင်းအင်းပညာ ဘွဲ့လွန်ဒီပလိုမာ သုံးဦး၊ ဈေးကွက်ဖော်ဆောင်ရေးစီမံခန့်ခွဲ မှု ပညာဘွဲ့လွန်ဒီပလိုမာ တစ်ဦး၊ ဒေသဆိုင်ရာ ဖွံ့ဖြိုးမှု ပညာဘွဲ့လွန်ဒီပလိုမာ နှစ်ဦး၊ လူမှုစီးပွားရေးလုပ်ငန်းစီမံ ခန့်ခွဲမှု ပညာဘွဲ့လွန်ဒီပလိုမာ တစ်ဦး၊ စီးပွားရေးသိပ္ပံဘွဲ့ (စာရင်းကိုင်ပညာနှင့်ဘဏ္ဍာရေးပညာ) ၁၂၂ ဦး၊ စီးပွားရေး သိပ္ပံဘွဲ့ (အသုံးချစာရင်းအင်းပညာ) ၉၄ ဦး၊ စီးပွားရေး သိပ္ပံဘွဲ့ (ဈေးကွက်ဖော်ဆောင်ရေးစီမံခန့်ခွဲမှုပညာ) ၁၂၅ ဦး၊ စီးပွားရေးသိပ္ပံဘွဲ့ (ဒေသဆိုင်ရာဖွံ့ဖြိုးမှုပညာ) ၁၁၂ ဦး၊ စီးပွားရေးသိပ္ပံဘွဲ့ (လူမှုစီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှုပညာ) ၆၈ ဦးနှင့် စီးပွားရေးသိပ္ပံဘွဲ့ ၁၂ ဦး စုစုပေါင်း ၅၈၆ ဦး တို့ကို ဘွဲ့အပ်နှင်းချီးမြှင့်ခဲ့သည်။
လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေး
ပါမောက္ခချုပ် ဒေါက်တာရီရီဝင်းက ဘွဲ့နှင်းသဘင် မိန့်ခွန်းပြောကြားရာတွင် သမဝါယမတက္ကသိုလ်(သန်လျင်) အနေဖြင့် "အမျိုးသားရေးစိတ်ဓာတ်နှင့် လူမှုရေးစိတ်ဓာတ် အခြေခံရှိပြီး အရည်အချင်းပြည့်ဝသော လူမှုစီးပွားရေး ပညာတတ်၊ လူ့စွမ်းအား အရင်းအမြစ်များကို မွေးထုတ်ပေး နိုင်သည့် လူမှုအဖွဲ့အစည်းအထောက်အကူပြုတက္ကသိုလ် ဖြစ်လာစေရန်" ဆိုသည့် ရည်မှန်းချက်ထားရှိဆောင်ရွက်ကာ နိုင်ငံတော်နှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျိုးပြုမည့် လူမှုစီးပွားရေး ပညာတတ် လူ့စွမ်းအားအရင်းအမြစ် များကို မွေးထုတ်ပေးနိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ မိမိတို့ တက္ကသိုလ်အနေဖြင့် ကျောင်းသား ကျောင်းသူများအပြင် ဒေသခံများအထိပါ လေ့လာသင်ယူနိုင်သော လူမှုဆန်းသစ် တီထွင်မှုအထောက်အကူပြုယူနစ် (Social Innovation Support Unit) ကို အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိကြောင်း၊ နိုင်ငံတကာအဆင့်မြင့်တက္ကသိုလ်များ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ကာ သုတေသနနှင့် ဆန်းသစ်တီ ထွင်မှု(Research and Innovation) များကို ပိုမိုဆောင်ရွက်လျက်ရှိကြောင်း၊ "ယနေ့သမဝါယမ လူငယ်များသည် အနာဂတ်ဝယ် ခေါင်းဆောင်ကောင်းများဖြစ်ရမည်" "Youth Cooperators today, Leaders in future"ဆိုတဲ့ ဆောင်ပုဒ်အတိုင်း သမဝါယမ လူငယ်များအနေဖြင့် ဘက်စုံ၊ ထောင့်စုံ၊ ကဏ္ဍစုံ မှ နိုင်ငံတော်ကိုလက်တွေ့အကျိုးပြုကြရန်လိုကြောင်း၊ ကမ္ဘာ့စီးပွားရေးဆိုင်ရာ စိန်ခေါ်မှုများကို မျက်ခြည်မပြတ် လေ့လာပြီး ယှဉ်ပြိုင်နိုင်သည့် တီထွင်လုပ်ငန်းရှင်ကြီးများ ဖြစ်အောင် ကြိုးစားတည်ဆောက်သွားကြရန်လိုကြောင်း၊ အမိတက္ကသိုလ်ကြီး၏ ဂုဏ်သိက္ခာနှင့် အစဉ်လာကောင်း များကို အစဉ်အမြဲထိန်းသိမ်းဆောင်ရွက်ရန်၊ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်ရာတွင် ကျရာ အခန်းကဏ္ဍမှ အစွမ်းကုန်ပူးပေါင်းဆောင်ရွက်ရန်၊ လူမှု စီးပွားရေး စနစ်ကို အခြေခံသည့် သမဝါယမသဘောတရား၊ မူဝါဒ၊ အနှစ်သာရနှင့် ကျင့်ဝတ်များကို လေးလေးစားစား တန်ဖိုးထားပြီး လိုက်နာကျင့်သုံးဆောင်ရွက်ရန်၊ နိုင်ငံတော်၏ ကျေးဇူးသစ္စာကို စောင့်သိရိုသေပြီး မိမိတတ်ကျွမ်းသော ပညာဖြင့် လုပ်ငန်းနယ်ပယ်အသီးသီးမှ ကျရာတာဝန်ကို ကျေပွန်အောင်ထမ်းဆောင်ကြပါရန် တိုက်တွန်း လိုကြောင်း ပြောကြားသည်။
သတင်းစဉ်