Skip to main content

ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း မြန်မာနိုင်ငံ၏ ပညာရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေးနှင့် အာဟာရကဏ္ဍ ပြုပြင်ပြောင်းလဲရေး စီမံချက်များအတွက် ဥရောပသမဂ္ဂ (EU) မှ ထောက်ပံ့ ငွေနှင့် စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေး

နေပြည်တော်  ဒီဇင်ဘာ  ၂

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းသည် EU Delegation to Myanmar မြန်မာနိုင်ငံ ဆိုင်ရာ Head of Cooperation ဖြစ်သူ Dr. Johann Hesse ဦးဆောင်သောအဖွဲ့နှင့် ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၌ Video Conferencing ဖြင့် တွေ့ဆုံ ဆွေးနွေးသည်။

တွေ့ဆုံဆွေးနွေးစဉ် ဒုတိယဝန်ကြီးက မြန်မာနိုင်ငံ၏ Education Sector Reform နှင့် Nutrition Sector Reform တို့အတွက် EU မှ ထောက်ပံ့ငွေများ ပံ့ပိုးပေးခြင်းကို ကျေးဇူးတင် ရှိပါကြောင်း၊ မြန်မာနိုင်ငံ၏ ကိုဗစ်-၁၉ ကပ်ရောဂါ တုံ့ပြန်ရေး ဆောင်ရွက် ချက်များအဖြစ် COVID-19 Economic Relief Plan (CERP) ကို Myanmar Sustainable Development Plan (MSDP) နှင့်အညီ ရေးဆွဲအကောင်အထည်ဖော်ခဲ့ကြောင်း၊ ကိုဗစ်-၁၉ သက်ရောက်မှုများအား လျင်မြန်စွာတုံ့ပြန်ဆောင် ရွက်နိုင်ရေးအတွက် World Bank, IMF, JICA နှင့် ADB စသည့် နိုင်ငံတကာ အဖွဲ့အစည်းများ၊ ဖွံ့ဖြိုးမှုမိတ်ဖက်များနှင့်လည်း ပူးပေါင်းဆောင်ရွက်လျက် ရှိပါ ကြောင်း၊ ပြည်သူ့ဘဏ္ဍာရေး စီမံခန့်ခွဲမှု ခေတ်မီဖွံ့ဖြိုးရေး စီမံကိန်းကို ကမ္ဘာ့ဘဏ်နှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း၊ G20 နိုင်ငံများက ပေးအပ်သော Debt Service Suspension Initiative (DSSI) များကိုလည်း ရယူခဲ့ပါကြောင်း၊ EU က ထောက်ပံ့သည့် ပညာရေးကဏ္ဍနှင့် ကျန်းမာရေးကဏ္ဍတို့သို့ ထောက်ပံ့မှုများသည် လူ့အရင်းအမြစ်ဖွံ့ဖြိုး တိုးတက်မှုအတွက် များစွာ အထောက် အကူပြုမည် ဖြစ်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ကိုဗစ်-၁၉ သက်ရောက်မှုအပေါ် EU က မြန်မာနိုင်ငံက ရေးဆွဲနေသည့် Myanmar Economic Resilience and Reform Plan (MERRP) ထုတ်ပြန်မည့် အခြေအနေ၊ CERP အကောင် အထည်ဖော်နိုင်မှု၊ ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှု တိုးတက်မှု အခြေအနေများနှင့် စပ်လျဉ်း၍ မေးမြန်းရာ ဒုတိယဝန်ကြီးနှင့် သက်ဆိုင်ရာ ဌာနအကြီးအကဲများက ရှင်းလင်း ဖြေကြားသည်။ EU မှ မြန်မာနိုင်ငံ၏ ကိုဗစ်-၁၉ တုံ့ပြန်ဆောင်ရွက်မှု လုပ်ငန်းစဉ်များတွင် ဆက်လက်ပံ့ပိုး ကူညီပေးမည့် အခြေအနေများကို တင်ပြ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)