Skip to main content

ဝါစိုက်ပျိုးထုတ်လုပ်မှုတွင် စက်ကိရိယာ တွင်ကျယ်စွာ အသုံးပြုနိုင်ရေးနှင့် ဝါအခြေခံသည့် စက်မှုကုန်ထုတ်လုပ်ငန်းများ တိုးမြှင့်လာစေရေး ကြိုးပမ်းအကောင်အထည်ဖော်

နေပြည်တော် ဇူလိုင် ၁၉

 

ကျောပိုးဝါဆွတ်စက်ဖြင့် ဝါဆွတ်ခူးမှုသရုပ်ပြခြင်းကို ဇူလိုင် ၁၈ ရက် နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး ပျော်ဘွယ်မြို့နယ် ဝါသီးနှံမျိုးသန့်ခြံ (ချောင်းမကြီးခြံ) နှင့် ဝမ်းတွင်းမြို့နယ် ဝါသီးနှံသုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးခြံ (ရွှေတောင်ခြံ) တို့၌ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် တက်ရောက်အားပေးပြီး နည်းပညာနှင့်လိုအပ်ချက်များကို မိမိတို့ဝန်ကြီးဌာနက လုပ်ထုံးလုပ်နည်းများနှင့်အညီ အပြည့်အဝကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

သရုပ်ပြပွဲများတွင် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ကျောပိုးဝါဆွတ်စက်အသုံးပြု၍ ဝါဆွတ်ခူးခြင်းဖြင့် လုပ်သားလိုအပ်ချက်နည်းပါးမှု၊ အချိန်တိုအတွင်း ဝါအလေအလွင့်မရှိ ဆွတ်ခူးသိမ်းဆည်းနိုင်မှုတို့ကို ရှင်းလင်းပြသကြပြီး ဒေသခံဝါတောင်သူများအား ပြည်ထောင်စုဝန်ကြီးက တစ်နှစ်ပတ်လည် စိုက်ပျိုးလုပ်ကိုင်မှုနှင့် တောင်သူ့အကျိုးအမြတ်၊ အသားတင်ဝင်ငွေအခြေအနေများကို ရင်းနှီးပွင့်လင်းစွာမေးမြန်းပြီး ဝါစိုက်ပျိုးထွက်ရှိမှုအားလုံးကို တောင်သူကိုယ်တိုင် စိတ်ကြိုက်ရောင်းချခွင့်ရှိသဖြင့် အမှန်တကယ် အကျိုးစီးပွားဖြစ်စေနိုင်မှုအပေါ်မူတည်၍ မြေအောက်ရေတူးဖော်အသုံးပြုခြင်းအပါအဝင် ထိုက်သင့်သည့် ရင်းနှီးမတည်မှုများကို တောင်သူများအပိုင်းက ထည့်သွင်းဆောင်ရွက်ကြစေလိုကြောင်းပြောကြားကာ တာဝန်ရှိသူများက စိုက်ပျိုးထုတ်လုပ်မှု တိုးတက်ရေးနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးကြသည်။

ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ပုသိမ်ကြီးမြို့နယ် ကြူဝန်းကျေးရွာအနီးရှိ ထုံးဘိုပိုးစာခြံ၏ လုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ပိုးစာသုတေသနလုပ်ငန်းများ၊ အပူပိုင်းဒေသ ပိုးစာပင်စိုက်ပျိုးခြင်းနှင့် ပိုးမွေးမြူခြင်းလုပ်ငန်းများကို နည်းစနစ်ကျကျ အောင်မြင်စွာဆောင်ရွက်ရန်၊ ပိုးစာမျိုးများနှင့် ပိုးမွေးမြူခြင်းနည်းပညာများ မြှင့်တင်ဆောင်ရွက်ရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်