မန္တလေး ဇန်နဝါရီ ၂၇
၂၀၁၉ ခုနှစ်အတွင်း မြန်မာနိုင်ငံသို့ ပြည်ပခရီးသွား ၄ ဒသမ ၄ သန်း ဝင်ရောက်သည့်အနက် မန္တလေးတိုင်းဒေသကြီးအတွင်းသို့ ပြည်ပခရီးသွား ခြောက်သိန်းရှစ်သောင်းကျော် ဝင်ရောက် ခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန၏ စာရင်းများအရ သိရသည်။
၂၀၁၈ ခုနှစ်အတွင်း မြန်မာနိုင်ငံသို့ ပြည်ပဧည့်သည်ဝင်ရောက်မှု ၃ ဒသမ ၅ သန်းကျော်အနက် မန္တလေးတိုင်းဒေသကြီးအတွင်းသို့ ပြည်ပခရီးသွား ၄၉၂၀၉၇ ဦး ဝင်ရောက်ခဲ့ကြောင်း၊ ၂၀၁၉ ခုနှစ်အတွင်း မြန်မာနိုင်ငံသို့ ပြည်ပခရီးသွား ၄၃၆၄၁၀၁ ဦး ဝင်ရောက်ခဲ့ပြီး မန္တလေးတိုင်း ဒေသကြီးအတွင်းသို့ ခြောက်သိန်းရှစ်သောင်း ကျော်ဝင်ရောက်ခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာန၏ စာရင်းများအရ သိရသည်။
မန္တလေးတိုင်းဒေသကြီးအတွင်း ဝင်ရောက်ခဲ့သည့် ပြည်ပခရီးသွားများသည် မန္တလေးမြို့၏ အထင်ကရ နေရာများဖြစ်သော ဦးပိန်တံတား၊ တောင်သမန်အင်း၊ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် စာရင်းဝင် ကုသိုလ်တော်ဘုရား၊ရွှေကျောင်းကြီး၊ မြနန်းစံကျော် ရွှေနန်းတော်၊ မဟာမုနိ ဘုရားကြီး၊ မန္တလေးတောင်နှင့် မန္တလေးမြို့ရှိ ရှေးဟောင်း အဆောက်အဦ များနှင့် ရှေးဟောင်း စေတီပုထိုးများအပြင် မြန်မာ့ရိုးရာ ပန်းဆယ်မျိုးလုပ်ငန်းများ၊ အင်း၀ဒေသရှိ ရှေးဟောင်း အဆောက်အဦများနှင့်ရှေးဟောင်းစေတီပုထိုးများ၊ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင် ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေရှိ ရှေးဟောင်း စေတီပုထိုးများသို့ အများဆုံး သွားရောက် လေ့လာ လည်ပတ်ကြကြောင်း သိရသည်။
၂၀၂၀ ပြည့်နှစ်တွင် မန္တလေးတိုင်းဒေသကြီးအတွင်းသို့ ပြည်ပခရီးသွား ပိုမိုဝင်ရောက်လာစေရန် အတွက် ဟိုတယ်နှင့်ခရီးသွားလာမှုညွှန်ကြားမှုဦးစီးဌာနအနေဖြင့် တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ခရီးသွား လုပ်ငန်းတွင် ပါဝင်ပတ်သက်သူများအားလုံးနှင့် ပူးပေါင်း၍ လအလိုက် အစီအမံများ ရေးဆွဲကာ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီးအတွင်းသို့ နှစ်အလိုက် ပြည်ပခရီးသွား ဝင်ရောက်မှုအနေဖြင့် ၂၀၁၀ ခုနှစ်တွင် (၇၅၇၂၇) ဦး၊ ၂၀၁၁ ခုနှစ်တွင် (၉၉၀၁၆) ဦး၊ ၂၀၁၂ ခုနှစ်တွင် (၁၆၀၉၇၅) ဦး၊၂၀၁၃ ခုနှစ် တွင် (၂၁၉၅၁၈) ဦး၊၂၀၁၄ ခုနှစ် တွင် (၂၄၂၅၆၆) ဦး၊ ၂၀၁၅ ခုနှစ် တွင် (၃၀၆၄၃၂) ဦး၊၂၀၁၆ ခုနှစ် တွင် (၃၈၅၀၃၁) ဦး၊၂၀၁၇ ခုနှစ် တွင် (၄၈၃၇၈၄) ဦး နှင့် ၂၀၁၈ ခုနှစ် တွင် (၄၉၂၀၉၇) ဦး နှင့် ၂၀၁၉ ခုနှစ်တွင် ခြောက်သိန်းရှစ်သောင်းကျော် တို့ ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန၏ စာရင်းများအရ သိရသည်။
သန်းဇော်မင်း (ပြန်/ဆက်)