နေပြည်တော် ဇူလိုင် ၃၀
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာမည့် တိုကျိုမြို့အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ အီသီယိုးပီးယားနိုင်ငံသံအမတ်ကြီး H.E. Mr. Daba Debele Hunde ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့က ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံးတော်၊ ဧည့်ခန်းမ၌ လာရောက်ဂါရဝပြုတွေ့ဆုံသည်။
အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေနှင့် တာဝန်ရှိသူတို့တက်ရောက်ကြပြီး တိုကျိုမြို့အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ အီသီယိုးပီးယားနိုင်ငံသံအမတ်ကြီးနှင့်အတူ သံအမတ်ကြီး၏ဇနီး အီသီယိုးပီးယားနိုင်ငံ၏ အောက်လွှတ်တော်အမတ်နှင့် ယဉ်ကျေးမှုနှင့် အားကစားရေးရာဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးဟောင်းဖြစ်သူ H.E. Mrs. Worknesh Biru နှင့် သံရုံးမှ တာဝန်ရှိသူတို့ တက်ရောက်ကြသည်။
ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံနှင့် အီသီယိုးပီးယားနိုင်ငံတို့အကြား သံတမန်ဆက်ဆံမှုများ တိုးတက်ကောင်းမွန်အောင် မြှင့်တင်ဆောင်ရွက်နိုင်ခဲ့မှု၊ မြန်မာနိုင်ငံတွင် လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ခဲ့ပြီး ပြည်သူများက ရွေးချယ်တင်မြှောက်သည့် အစိုးရအနေဖြင့် ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ခိုင်ခိုင်မာမာလျှောက်လှမ်း၍ နိုင်ငံတော်တာဝန်များ ထမ်းဆောင်လျက်ရှိသကဲ့သို့ အီသီယိုးပီးယားနိုင်ငံတွင်လည်း မေလအတွင်း ရွေးကောက်ပွဲအောင်မြင်စွာကျင်းပပြုလုပ်ခဲ့ပြီး အစိုးရသစ်မှ နိုင်ငံ့တာဝန်များ ထမ်းဆောင်နေမှု၊ နှစ်နိုင်ငံအကြား အဆင့်မြင့်အရာရှိကြီးများ ချစ်ကြည်ရေးခရီးစဉ်များ အပြန်အလှန်သွားလာ၍ ဆက်ဆံမှုများမြှင့်တင် ဆောင်ရွက်သွားမည့်အခြေအနေ၊ ပြည်တွင်းပဋိပက္ခများချုပ်ငြိမ်းရေးအတွက် ငြိမ်းချမ်းရေးဆောင်ရွက်မှုနှင့် သက်ဆိုင်သည့်အတွေ့အကြုံများ နှစ်နိုင်ငံအကြား အပြန်အလှန်ဖလှယ်နိုင်ရေး၊ ငြိမ်းချမ်းရေးဖော်ဆောင်မှုအဖွဲ့များကို လေ့လာရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် စေလွှတ်သွားမည့်အခြေအနေ၊ လွှတ်တော်များအချင်းချင်း ဆက်ဆံရေးနှင့် အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ဆောင်ရွက်သွားမည့်အခြေအနေ၊ နယ်စပ်ဒေသများတွင် တည်ငြိမ်အေးချမ်းမှုပျက်ပြားပြီး နိုင်ငံ့ပုံရိပ်နှင့် နိုင်ငံတည်ဆောက်ရေး၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အဟန့်အတားများဖြစ်ပေါ်လျက်ရှိမှု၊ နယ်စပ်ပြဿနာများကို အကောင်းဆုံးကိုင်တွယ်ဖြေရှင်းရန်လိုအပ်မှုနှင့် နိုင်ငံအတွင်းသို့ နယ်စပ်ဒေသများမှတစ်ဆင့် တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသားများအား သက်ဆိုင်ရာနိုင်ငံများသို့ စနစ်တကျပြည်နှင်လွှဲပြောင်းပေးလျက်ရှိမှု၊ နှစ်နိုင်ငံအကြား စိုက်ပျိုးရေးကဏ္ဍ၊ ကုန်သွယ်ရေးကဏ္ဍနှင့် ခရီးသွားကဏ္ဍများအပါအဝင် အခြားကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်နိုင်ရေး၊ နှစ်နိုင်ငံပြည်သူများအချင်းချင်း အပြန်အလှန် ကူးလူးဆက်ဆံမှုများတိုးမြှင့်နိုင်ရေး ဆောင်ရွက်သွားနိုင်သည့်အခြေအနေ၊ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်မြှင့်တင်ဆောင်ရွက်သွားမည့်အခြေအနေများနှင့် ပတ်သက်၍ ရင်းရင်းနှီးနှီးဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်သမ္မတနှင့် တိုကျိုမြို့အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ အီသီယိုးပီးယားနိုင်ငံ သံအမတ်ကြီးတို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ပြီး တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်
