Skip to main content

အာဆီယံဆက်ဆံရေးဆောင်ရွက်မည်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုလွှတ်တော်၏ သဝဏ်လွှာပေးပို့ဖိတ်ကြားမှုအရ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး(၁၂)ရက်မြောက်နေ့ အစီအစဉ်သို့တက်ရောက်၍ နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) ပြည့် နိုင်ငံတော်အခြေပြမိန့်ခွန်းပြောကြားခဲ့ရာတွင် အာဆီယံနှင့်ပတ်သက်၍ မြန်မာနိုင်ငံ၏သဘောထားခံယူချက်ကို အသိပေးချပြခဲ့သည်။

နိုင်ငံတော်သမ္မတ၏မိန့်ခွန်းတွင် “လက်ရှိအာဆီယံအခြေအနေနှင့်ပတ်သက်ပြီး လွန်ခဲ့သည့် ၅ နှစ်ကာလအတွင်း အာဆီယံနိုင်ငံအချို့၏ သဘောထားနှင့် မြန်မာနိုင်ငံအပေါ် ခွဲခြားဆက်ဆံမှုများ ပြုလုပ်ခဲ့သော်လည်း မိမိတို့အနေဖြင့် စိတ်ရှည်သည်းခံပြီး အာဆီယံအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံ၏ တာဝန်ဝတ္တရားများနှင့်အညီ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း၊ အပြုသဘောမဆောင်သည့် ခွဲခြားဆက်ဆံမှုများကို နိုင်ငံတော်ကလိုအပ်သည့် တုံ့ပြန်မှုများ Case By Case တုံ့ပြန်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒနှင့်အညီ ပကတိအခြေအနေများကိုအခြေခံပြီး အမျိုးသားအကျိုး စီးပွားနှင့် အချုပ်အခြာအာဏာကို အလေးထားစောင့်ရှောက်ကာ မြန်မာနိုင်ငံက ဦးဆောင်သော မြန်မာ့ကိုယ်ပိုင်နည်းလမ်းဖြင့် အာဆီယံနှင့်ဆက်ဆံရေး တိုးတက်စေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း” ပြောကြားခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွားကို ကာကွယ်မြှင့်တင်သည့်နေရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဋ္ဌာန်းထားသည့် နိုင်ငံခြားရေးမူဝါဒဖြစ်သည့် “လွတ်လပ်၍ တက်ကြွပြီး ဘက်မလိုက်သည့် မူဝါဒ”ကို ကိုင်စွဲကာ နိုင်ငံတကာဆက်ဆံရေးတွင် ဘက်မျှပြီး ဟန်ချက်ညီသည့် ဆက်ဆံရေးကို တည်ဆောက်လျက်ရှိသည်။ မည်သည့်လောင်းရိပ်၊ မည်သည့်ဩဇာအောက်တွင်မှ မရှိဘဲ အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်း မိတ်ဆွေနိုင်ငံများနှင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍအသီးသီးတွင် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်သကဲ့သို့ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး မူကြီး(၅)ရပ်နှင့်အညီ နိုင်ငံတကာဆက်ဆံရေးကို ခိုင်မာစွာ တည်ဆောက်လျက်ရှိသည်။ မြန်မာနိုင်ငံအပေါ် သဘောထားမည်သို့ရှိသည်ဖြစ်စေ နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက် ချစ်ချစ်ခင်ခင်ရင်းရင်းနှီးနှီး ဆက်ဆံနေထိုင်လျက်ရှိသည်။

လွန်ခဲ့သည့် ၅ နှစ်ကာလက ဆောင်ရွက်ခဲ့သည့် “အာဆီယံထုတ်ပြန်ချက် (၅)ရပ်သည် အာဆီယံအဖွဲ့အတွင်း မြန်မာနိုင်ငံ၏ တန်းတူရည်တူရှိမှုကို ထိခိုက်စေပြီး နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကို စွက်ဖက်ခြင်းမပြုရန်ဟူသော အာဆီယံ၏ အခြေခံမူများနှင့်ကွဲလွဲနေသည့်အပြင် မြန်မာနိုင်ငံ၏ လက်ရှိပကတိအခြေအနေနှင့် ကိုက်ညီမှုမရှိသည့်အတွက် လိုအပ်သလို သုံးသပ်ဆောင်ရွက်ပေးနိုင်ပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း” အဆိုနှင့်စပ်လျဉ်း၍ လွှတ်တော်သို့တင်သွင်းခြင်း၊ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးခြင်း၊ လွှတ်တော်၏အဆုံးအဖြတ်ရယူခြင်းများနှင့် ပြည်ထောင်စုအစိုးရအဖွဲ့သို့ ပေးပို့ခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီးနောက် နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)ပြည့် နိုင်ငံတော်အခြေပြမိန့်ခွန်းတွင် အာဆီယံနှင့်ပတ်သက်သည့် မြန်မာနိုင်ငံ၏ သဘောထားခံယူချက်ကို ရှင်းရှင်းလင်းလင်း သိရှိရသည်။

အာဆီယံထုတ်ပြန်ချက်(၅)ရပ်နှင့်ပတ်သက်၍ အမှန်တကယ်တွင် အာဆီယံအဖွဲ့၏ အလှည့်ကျ အဓိကတာဝန်ယူဆောင်ရွက်ကြသည့် ခေါင်းဆောင်များ၏ သဘောထားအမြင်များ လွှမ်းမိုးနေသဖြင့် ထိုစဉ်က အာဆီယံနိုင်ငံအားလုံး၏ တူညီသည့်ဆန္ဒ အပြည့်အဝမဟုတ်သည်မှာ သေချာသည်။ မြန်မာနိုင်ငံအပေါ် အနောက်ကမ္ဘာမှအမြင်များ၊ ဆန့်ကျင်ဘက်အမြင်များနှင့်ထပ်တူကျနေပြီး အပြုသဘောဆောင်သည့် မိတ်ဆွေနိုင်ငံများ၏ သဘောထားအမြင်များနှင့်ကွဲလွဲနေသည်။ မြန်မာနိုင်ငံအနေဖြင့် အာဆီယံအဖွဲ့သို့ စတင်ဝင်ရောက်သည့် ၁၉၉၇ ခုနှစ်မှ စတင်၍ ယနေ့ကာလအထိ အာဆီယံမိသားစုစိတ်၊ အာဆီယံပဋိညာဉ်စာတမ်း၊ အခြေခံ မူများနှင့်အညီ ပူးပေါင်းလက်တွဲဆောင်ရွက်လျက်ရှိသည်။ အာဆီယံနိုင်ငံအချို့အနေဖြင့် မြန်မာနိုင်ငံအပေါ် မည်သို့သဘောထားသည်ဖြစ်စေ မြန်မာနိုင်ငံအနေဖြင့် အာဆီယံအတွင်း မြန်မာနိုင်ငံ၏အခန်းကဏ္ဍ ပိုမိုထိရောက်အားကောင်းလာစေရန် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်သည်။

သို့ဖြစ်ရာ အာဆီယံအနေဖြင့် မြန်မာနိုင်ငံအပေါ် နိုင်ငံရေးအရ ခွဲခြားဆက်ဆံမှုများ၊ ဖိအားပေးအကျပ်ကိုင်မှုများ ပြုလုပ်လျက်ရှိသော်လည်း မြန်မာနိုင်ငံအနေဖြင့် “ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိသည်” ဆိုသည့်အတိုင်း အစိုးရနှင့်ပြည်သူ တွဲလက်ညီစွာဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွားနှင့် အချုပ်အခြာအာဏာကို အလေးထားစောင့်ရှောက်ကာ မြန်မာနိုင်ငံကဦးဆောင်သော မြန်မာ့ကိုယ်ပိုင် မြန်မာ့နည်းလမ်းဖြင့် နိုင်ငံတကာဆက်ဆံရေး၊ အာဆီယံဆက်ဆံရေးကို ပိုမိုတိုးတက်ကောင်းမွန်လာအောင် ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။    ။