Skip to main content

တရုတ်ဇနီးမယားအဖြစ် ပို့ဆောင်ရောင်းစားရန် စီစဉ်ဆောင်ရွက်ခဲ့သူများကို လူကုန်ကူးမှုဖြင့် အလုပ်နှင့်ထောင်ဒဏ်ချမှတ်

နေပြည်တော် ဩဂုတ် ၃

အမျိုးသမီးများကို တရုတ်နိုင်ငံတွင် တရုတ်ဇနီးမယားအဖြစ် ပို့ဆောင်ရောင်းစားရန် စီစဉ်ဆောင်ရွက်ခဲ့သူများကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅ အရ အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ်နေ မ----၊ ၂၅ နှစ်နှင့် ရန်ကုန်တိုင်းဒေသကြီး ကွမ်းခြံကုန်းမြို့နယ်နေ မ----၊ ၂၃ နှစ်တို့သည် လှိုင်သာယာစက်မှုဇုံရှိ အထည်ချုပ်စက်ရုံတစ်ခုတွင် အလုပ်သွားရောက်လျှောက်ထားစဉ် ၎င်းတို့နှစ်ဦးကို ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ် (ခ) ရပ်ကွက်နေ ခင်သီတာပြုံး (ခ) မသီတာက တရုတ်ဇနီးမယားအဖြစ်လုပ်ကိုင်ပါက ငွေကျပ်သိန်း ၁၀၀ ခန့်ရရှိမည်၊ တရုတ်နိုင်ငံသို့ ပို့ဆောင်ပေးမည်ဟုပြောဆိုစည်းရုံးပြီး တရုတ်နိုင်ငံရှိ ခင်ပိုပိုသက်နှင့်ချိတ်ဆက်၍ တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစားရန် စီစဉ်ဆောင်ရွက်ခဲ့ကြောင်း စိစစ်သိရှိရသဖြင့် မြောက်ဥက္ကလာပမြို့မရဲစခန်းက လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅/၄၄ ဖြင့် အမှုရေးဖွင့်တရားစွဲတင်ခဲ့ပြီး ဇူလိုင် ၂၈ ရက်တွင် မရမ်းကုန်းခရိုင်တရားရုံးမှ ဖမ်းမိတရားခံ ခင်သီတာပြုံး (ခ) သီတာကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅ အရ အလုပ်နှင့်ထောင်ဒဏ် ၁၁ နှစ်ကျခံစေရန်အမိန့်ချမှတ်ခဲ့ပြီး တိမ်းရှောင်တရားခံ ခင်ပိုပိုသက်ကို ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၅၁၂ အရ ၈၇/၈၈ အတည်ပြုထုတ်ဆင့်ခဲ့ကြောင်း သိရသည်။

ထို့ပြင် မန္တလေးမြို့၊ ရဲမွန်တောင်ရပ်ကွက်ရှိ ပန်းပျိုးခင်း KTV တွင် အလုပ်လုပ်ကိုင်နေသူ မ----၊ ၃၁ နှစ်ကို ၎င်းနှင့်ခင်မင်ရင်းနှီးသည့် မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် ရှမ်းလေးကျွန်းအရှေ့ကျေးရွာနေ အေးမာမှ တရုတ်ဇနီးမယားအဖြစ်ဆောင်ရွက်လိုက အဆက်အသွယ်ရှိကြောင်း၊ တစ်နှစ်လုပ်ကိုင်ပါက ငွေကျပ်သိန်း ၁၀၀ ရမည်ဖြစ်ကြောင်း ပြောဆိုစည်းရုံးခဲ့ပြီး တရုတ်နိုင်ငံသို့ပို့ဆောင်ပေးသည့် မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်နေ ကျော်လှိုင် (ခ) အားလှိုင်ထံ ဖုန်းဖြင့်ဆက်သွယ်၍ တရုတ်ဇနီးမယားအဖြစ် ပို့ဆောင်ရောင်းစားရန် စီစဉ်ဆောင်ရွက်ခဲ့ကြကြောင်း စိစစ်သိရှိရသဖြင့် အမှတ် (၉) မြို့မရဲစခန်းက လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅/၄၄ ဖြင့် အမှုရေးဖွင့်တရားစွဲတင်ခဲ့ပြီး ဇူလိုင် ၃၀ ရက်တွင် မဟာအောင်မြေခရိုင်တရားရုံးမှ ဖမ်းမိတရားခံ အေးမာကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၅ အရ အလုပ် နှင့်ထောင်ဒဏ် ၁၀ နှစ်ကျခံစေရန် အမိန့်ချမှတ်ခဲ့ပြီး တိမ်းရှောင်တရားခံ ကျော်လှိုင် (ခ) အားလှိုင်ကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၅၁၂ အရ ၈၇/၈၈ အတည်ပြုထုတ်ဆင့်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်