ကြံခင်း ဇန်နဝါရီ ၂၇
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီစဉ်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံ ပညာဦးစီးဌာနနှင့် မြို့နယ်စီမံခန့်ခွဲမှုကော်မတီတို့ ပူးပေါင်းကျင်းပသည့် ကလေးစာပေပွဲတော်(ကြံခင်း)၊ စာအုပ်စာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲ ဖွင့်ပွဲကို ယနေ့ နံနက်(၉)နာရီက ကြံခင်းမြို့ အမှတ်(၁)အခြေခံ ပညာအထက်တန်းကျောင်း၌ ကျင်းပရာ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှမိုးအောင်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ကျောင်းသူ၊ ကျောင်းသားများနှင့် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။
ဒုတိယပိုင်းအစီအစဉ်ကို အောင်ကျော်ခန်းမ၌ ဆက်လက်ကျင်းပရာ အ.ထ.က(၁)မှ ကျောင်းသား၊ ကျောင်းသူများက "ကလေးစာပေပွဲတော် Theme Song" သီချင်း သီဆို၍ အခမ်းအနားကို ဖွင့်လှစ်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် ''မြို့နယ်ကလေး စာပေပွဲတော်ကို ကလေး များ စာအုပ်စာပေ၌ နှစ်သက်မွေ့လျော်ကာ ရာသက်ပန် ပညာရှာမှီးသူများ ဖြစ်လာစေရန်၊ ပွဲတော်၌ ပျော်ရွှင် စွာ ဆင်နွှဲရင်း စုပေါင်းအလုပ်များတွင် ဝိုင်းဝန်းပါဝင်တတ်သည့် အလေ့ထကောင်းများ ဖြစ်လာစေရန်၊ ပညာ ဗဟုသုတနှင့် လူရည်လူသွေးပါ ပြည့်ဝ၍ အနာဂတ် တွင် တိုင်းပြည်အတွက် ဦးဆောင်ဦးရွက် ပြုနိုင်သူများ ဖြစ်လာစေရန်၊ ကျောင်းနေအရွယ်ကလေးငယ်များ ကလေးစာပေပွဲတော်နှင့် ပတ်သက်၍ ကျယ်ပြန့်စွာ သိရှိပြီး အများစု ပါဝင်ဆောင်ရွက်ခွင့် ရရှိစေရန်စသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပရခြင်းဖြစ်ကြောင်း၊ “ရိုးသားကြိုးစားဧရာဝတီသား” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ကလေးသူငယ်များအား ဘက်စုံထူးချွန်သူများ ဖြစ်လာအောင် ဤပွဲတော်မှစ၍ တာဝန်ရှိသူများက ပြုစုပျိုးထောင် သွားကြစေလိုကြောင်း၊ ကလေးများအား မိမိတိုင်းဒေသကြီးအတွင်းရှိ ဘက်စုံကဏ္ဍစုံမှ ထူးချွန်ကြသည့် ပုဂ္ဂိုလ်များအား သိမြင်ပြီး အားကျလာစေရန် ထူးချွန်ထင်ရှား ဧရာဝတီတိုင်းသားများ ပြခန်းအား ထည့်သွင်းပြသထားကြောင်း၊ ၄င်းပြခန်းတွင် ပြသ ထားသည့်နယ်ပယ်စုံမှ ပုဂ္ဂိုလ်ကြီးများကဲ့သို့ ထူးချွန်သော ပုဂ္ဂိုလ်များ ဖြစ်အောင် ကြိုးစားကြစေလိုကြောင်း ကလေးသူငယ်များ ရင်ထဲတွင် သိချင်သည့်စိတ်၊ တတ်ချင်သည့်စိတ်၊ လေ့လာသင်ယူ ချင်သည့်စိတ်များ တစ်သက်တာ ကိန်းအောင်းပေါ်ပေါက်လာစေ ရန်လည်း ရည်ရွယ်ပါကြောင်း၊ မြို့နယ်အဆင့်ကလေး စာပေ ပွဲတော်များကို ချောင်းသာမှစ၍ ခရိုင်အဆင့်(၂)မြို့နယ်၊ မြို့နယ်အဆင့် (၁၆)မြို့နယ်၊ မြို့အဆင့်(၂)မြို့၊ စုစုပေါင်းမြို့နယ်(၂၀)တွင် ကျင်းပခဲ့ပြီး ယခုကျင်းပသည့် မြို့နယ်သည် (၂၀)ကြိမ်မြောက်ဖြစ်ကြောင်း၊ နောင်နှစ်များတွင်လည်း ယခုကဲ့သို့ ကလေးစာပေပွဲတော်များကို ကျင်းပပေးစေလိုကြောင်းကို ပြည်သူများထံ မှ ကြားသိရသည့်အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ဝမ်းသာပီတိဖြစ်ရကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ကလေးစာပေပွဲတော် (ကြံခင်း)၌ ခင်းကျင်းပြသထားသည့် ထူးချွန်ထင်ရှား ဧရာဝတီတိုင်းသားများပြခန်း၊ ကလေးစာဖတ်ခန်း၊ ပြိုင်ပွဲများ၊ ပညာရေး၊ ရဲတပ်ဖွဲ့၊ စိုက်ပျိုးရေးနှင့်သစ်တော၊ မွေးမြူရေးနှင့်ကုသရေး၊ စည်ပင် သာယာရေးအဖွဲ့၊ ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနပြခန်း၊ ကျန်းမာရေးနှင့် ကြက်ခြေနီ တပ်ဖွဲ့ပြခန်းနှင့် ရင်ခွင်မဲ့ ကလေးငယ် များလျော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေး အသင်းပြခန်းများ၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ Unicode စနစ်ပြောင်းလဲရေး ဝန်ဆောင်မှု ပေးခြင်းဆောင်ရွက်နေမှုများ၊ အားကစားပြိုင်ပွဲများ ယှဉ်ပြိုင်နေမှု၊ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၏ မှုခင်းအသိပညာပေးမော်တော်ယာဉ်ဖြင့် အသိပညာပေးဆောင်ရွက် နေမှုများနှင့် စာအုပ် အရောင်းဆိုင်များအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၂၆) မြို့နယ်၌ ကလေးစာပေပွဲတော်များကို ဆက်လက်ကျင်းပ လျက်ရှိရာ ကလေးစာပေပွဲတော်(ကြံခင်း)ကို အမှတ် (၁) အခြေခံပညာ အထက်တန်း ကျောင်း၌ ဇန်နဝါရီ ၂၇ ရက်မှ ၂၈ ရက်အထိ နေ့စဉ်နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ကျင်းပသွားမည်ဖြစ်ရာ မည်သူမဆို လွတ်လပ်စွာ ပါဝင်ဆင်နွှဲနိုင်ကြောင်း သိရသည်။
တိုင်းဒေသကြီးပြန်/ဆက်