နေပြည်တော် ဩဂုတ် ၃
အိုလံပစ်သွေးစည်းညီညွတ်ရေးအစီအစဉ်သည် အဖွဲ့ဝင်နိုင်ငံများ၏ အားကစားဖွံ့ဖြိုးတိုးတက်ရေး၊ အားကစားသမားနှင့်နည်းပြများ၏ အရည်အသွေးမြှင့်တင်ရေးကို အဓိကပံ့ပိုးပေးနေသည့် အစီအစဉ်တစ်ခုဖြစ်ကြောင်း၊ ကမ္ဘာ့တိုက်ကွမ်ဒိုအဖွဲ့ချုပ်ကကျင်းပသည့် အဆင့်သတ်မှတ်ချက်ပြိုင်ပွဲများနှင့် ၁၉၈၉ ခုနှစ် (၁၅) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲမှစ၍ ၂၀၂၅ ခုနှစ် (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအထိ ရွှေတံဆိပ် ၉၅ ခု၊ ငွေတံဆိပ် ၈၉ ခု၊ ကြေးတံဆိပ် ၂၁၅ ခုတို့ကို နိုင်ငံတော်အတွက် ဆွတ်ခူးရယူ ပေးနိုင်ခဲ့သည်ကို တွေ့ရကြောင်း၊ ၂၀၂၇ ခုနှစ်တွင် ကျင်းပမည့် နိုင်ငံတကာပြိုင်ပွဲများ၊ သက်တမ်း အလိုက်ပြိုင်ပွဲများနှင့် မလေးရှားနိုင်ငံ၌ကျင်းပမည့် (၃၄) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကြီးတွင် အောင်မြင်မှုများရရှိရန် ကြိုးစားကြစေလိုကြောင်း မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်းက တိုက်ကွမ်ဒိုနည်းပြသင်တန်း (အဆင့်-၁) ဖွင့်ပွဲအခမ်းအနားတွင် တိုက်တွန်းပြောကြားသည်။
အဆိုပါသင်တန်းကို အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီ၊ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ၊ ကမ္ဘာ့တိုက်ကွမ်ဒိုအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံတိုက်ကွမ်ဒိုအဖွဲ့ချုပ်တို့ပူးပေါင်း၍ အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီ သွေးစည်းညီညွတ်ရေးအစီအစဉ်ဖြင့် နေပြည်တော်ရှိ အားကစား လေ့ကျင့်ရေးစခန်း (Gold Camp) ဘက်စုံသုံးခန်းမ၌ ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။
တိုက်ကွမ်ဒိုနည်းပြသင်တန်း (အဆင့်-၁) တွင် ကမ္ဘာ့တိုက်ကွမ်ဒိုအဖွဲ့ချုပ်မှ တာဝန်ပေးအပ်ထားသည့် ကမ္ဘာ့တိုက်ကွမ်ဒို ကကွက်ဒိုင်ဥက္ကဋ္ဌ အမေရိကန်နိုင်ငံသား ကိုရီးယားလူမျိုး ပရော်ဖက်ဆာ Jun Cheol Yoon က သင်တန်းနည်းပြအဖြစ် ဆောင်ရွက်မည်ဖြစ်ပြီး လေ့ကျင့်ပေးမည့်နည်းစနစ်များ၊ လေ့ကျင့်မှုပုံစံများနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
အဆိုပါသင်တန်းကို ဩဂုတ် ၃ ရက်မှ ၇ ရက်အထိ ငါးရက်ကြာ ဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်းသား ၂၅ ဦး၊ သင်တန်းသူ ၁၃ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်
