နေပြည်တော် ဩဂုတ် ၄
တွန်းဇံမြို့နယ် ပြည်သူ့ဆေးရုံတွင် မြို့နယ်ဆရာဝန်အပါအဝင် ကျန်းမာရေးဝန်ထမ်း ၉၄ ဦးဖြင့် ယနေ့အထိ အတွင်းလူနာ ၆၀၊ ပြင်ပလူနာ ၄၄၆ ဦး၊ အသေးစားခွဲစိတ်ကုသလူနာ ၂၈ ဦး၊ အကြီးစား ခွဲစိတ်လူနာလေးဦးနှင့် မီးဖွားလူနာနှစ်ဦးတို့အား ကုသပေးနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဆေးရုံအဆောက် အအုံအသစ်ဆောက်လုပ်ပြီးစီးမှု၊ ချင်းပြည်နယ် ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးအတွက် ထောက်ပံ့ပေးပို့ ထားရှိသည့် ဆေးနှင့်ဆေးပစ္စည်းများ သိုလှောင်ထားရှိမှု၊ ဆိုလာတပ်ဆင်အသုံးပြု၍ ကာကွယ်ဆေးများ သိုလှောင်ထိန်းသိမ်း ထားရှိမှုအခြေအနေများကို ယနေ့တွင် နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်စွာဦးသည် ပြည်နယ်ဝန်ကြီးများ၊ ချင်းပြည်နယ်အတွင်း ပြန်လည် ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး ကော်မတီဝင်များနှင့်အတူ ကြည့်ရှုစစ်ဆေး၍ ပြည်သူ့ဆေးရုံကြီးရှိ ဝန်ထမ်းများအတွက် ထောက်ပံ့ငွေများ ပေးအပ်သည်။
ထို့ပြင် တွန်းဇံမြို့အခြေခံပညာ အထက်တန်းကျောင်း၌ ကျောင်းသား ကျောင်းသူများ ပညာသင်ကြားနေမှုကို ကြည့်ရှုအားပေးပြီး အခြေခံပညာအထက် တန်းကျောင်း ယာယီခန်းမတွင် လမင်းစီမံချက်ဖြင့် ဆောင်ရွက်သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားကို ကျောင်းသား ကျောင်းသူများအားပေးအပ်ကာ ဆရာ ဆရာမများအတွက် ထောက်ပံ့ငွေများ ပေးအပ်သည်။ တွန်းဇံမြို့နယ် ဦးစီးမှူးရုံးအနေဖြင့် ရက် ၁၀၀ စီမံချက်ကာလအတွင်း မှတ်ပုံတင်ကတ်ပြား ၅၈၀ ဆောင်ရွက်ပေး အပ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
တွန်းဇံမြို့နယ်တွင် အခြေခံပညာမူလတန်း၊ အလယ်တန်းနှင့် အထက်တန်းကျောင်း ၆၃ ကျောင်း ဖွင့်လှစ်ထားရှိပြီး ကျောင်းအပ်နှံ တက်ရောက်သူ ၄၇၃၂ ဦးရှိကာ ကျောင်းဆရာ ဆရာမ ၂၇၁ ဦးတို့ က ပညာသင်ကြားပေးလျက်ရှိသည်။
ဆက်လက်၍ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံး သို့ရောက်ရှိပြီး တွန်းဇံမြို့ ဌာနဆိုင်ရာရုံးများနှင့် ဒေသခံပြည်သူများသို့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တင်ပြချက်များအပေါ် တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
