နေပြည်တော် ဩဂုတ် ၇
ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင်ချာဝီရကွန်၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံသို့ ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဗန်ကောက်မြို့ရှိ မြန်မာသံရုံး၊ စစ်သံရုံးတို့မှ ဝန်ထမ်းများ၊ မိသားစုဝင်များ၊ ပညာတော်သင် သင်တန်းသားများအား ယနေ့မွန်းလွဲပိုင်းတွင် ဗန်ကောက်မြို့ရှိ မြန်မာသံရုံး၌ တွေ့ဆုံအမှာစကားပြောကြားသည်။
ဦးစွာ နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များအား မြန်မာသံရုံး၊ စစ်သံရုံးတို့မှ ဝန်ထမ်းများ၊ မိသားစုဝင်များ၊ ပညာတော်သင် သင်တန်းသားများက လှိုက်လှဲနွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ကြသည်။
ယင်းနောက် သံအမတ်ကြီးက နိုင်ငံတော်သမ္မတ၏ ထိုင်းနိုင်ငံခရီးစဉ်ဆိုင်ရာများနှင့် သံရုံး၏ တာဝန်ထမ်းဆောင်မှုဆိုင်ရာများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတက အမှာစကားပြောကြားရာတွင် နိုင်ငံတော်သမ္မတအဖြစ် တာဝန်ယူခဲ့ပြီးနောက်ပိုင်း ထိုင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် (Official Visit) အဖြစ် ပထမဆုံးအကြိမ် လာရောက်ခဲ့ခြင်းဖြစ်ပြီး သံရုံး၊ စစ်သံရုံးများမှ ဝန်ထမ်းများ၊ မိသားစုများနှင့် ပညာတော်သင် သင်တန်းသားများအား လိုအပ်သည်များ မှာကြားနိုင်ရန် လာရောက်တွေ့ဆုံခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံနှင့်ထိုင်းနိုင်ငံတို့သည် ခွဲခြား၍ မရနိုင်သည့် အိမ်နီးချင်း၊ မိတ်ဆွေကောင်းနိုင်ငံများဖြစ်ကြကြောင်း၊ သမိုင်းကြောင်းအဆက်ဆက်ကို ကြည့်မည်ဆိုပါကလည်း နှစ်နိုင်ငံနှင့် နှစ်နိုင်ငံပြည်သူများအကြား၊ တပ်မတော်နှစ်ရပ်အကြားတို့၌ ခိုင်မာသည့် ချစ်ကြည်ရေးနှင့် ရင်းနှီးနွေးထွေးသည့် ဆက်ဆံရေးသမိုင်းကြောင်းများရှိခဲ့သည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် ၂၀၁၁ ခုနှစ်တွင် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်သို့ စတင်လျှောက်လှမ်းခဲ့ပြီး ပါတီစုံဒီမိုကရေစီစနစ်ခိုင်ခိုင်မာမာဖြစ်စေရေး ထိန်းသိမ်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံအပါအဝင် ဝါရင့်ဒီမိုကရေစီနိုင်ငံကြီးများ၏ ဖြတ်သန်းကြုံတွေ့ခဲ့ရသည့် အတွေ့အကြုံများကိုလည်း သင်ခန်းစာယူကြရမည်ဖြစ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲတွင် မိမိတို့နိုင်ငံတွင် လက်ခံနိုင်ဖွယ်ရာမရှိသည့် မဲမသမာမှုရလဒ်များ ဖြစ်ပေါ်ခဲ့မှုကြောင့် နိုင်ငံတော်၏ ဒီမိုကရေစီလျှောက်လှမ်းမှုသမိုင်းကို ရုပ်ဆိုးအကျည်းတန်စေခဲ့ကြောင်း၊ နိုင်ငံရေးအရဖြစ်ပေါ်ခဲ့သည့် ပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းခြင်းမပြုဘဲ အကြမ်းဖက်သည့်နည်းလမ်းကို ရွေးချယ်ခဲ့မှုကြောင့် နိုင်ငံတော်တွင် လက်နက်ကိုင်အကြမ်းဖက်မှုများ ကြုံတွေ့ခဲ့ရပြီး ယနေ့အချိန်အထိ အခက်အခဲ၊ အကျပ်အတည်းများကို ရင်ဆိုင်ကြုံတွေ့ကျော်ဖြတ်နေရဆဲဖြစ်ပြီး သစ္စာရှိနိုင်ငံဝန်ထမ်းများ၊ တာဝန်သိပြည်သူများနှင့်အတူ နိုင်ငံတော်ကို အကောင်းဆုံးဖြစ်အောင် ထိန်းသိမ်းကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ လက်ရှိအချိန်တွင် မိမိတို့နိုင်ငံ၌ တရားမျှတသည့် ရွေးကောက်ပွဲတစ်ခုမှတစ်ဆင့် ဒီမိုကရေစီနည်းလမ်းကျ ရွေးကောက်တင်မြှောက်ထားသည့် လွှတ်တော်နှင့် လွှတ်တော်က ရွေးချယ်တင်မြှောက်ထားသည့် အစိုးရသစ်ပေါ်ပေါက်လာပြီဖြစ်ကြောင်း။
၂၀၂၀ ပြည့်နှစ် နိုင်ငံရေးသဘောထားကွဲလွဲမှုကိုအခြေခံ၍ ၎င်းမှဆက်စပ်ဖြစ်ပေါ်လာသည့် လက်နက်ကိုင်အကြမ်းဖက်မှုများကြောင့် နိုင်ငံသားအချို့အနေဖြင့် ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံများသို့ ရွှေ့ပြောင်းနေထိုင်ခြင်း၊ သွားရောက်အလုပ်လုပ်ကိုင်ခြင်းများရှိခဲ့ကြောင်း၊ လက်ရှိအချိန်အထိ ထိုင်းနိုင်ငံတွင် အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများ၊ ရွှေ့ပြောင်းအလုပ်သမားများ အမြောက်အမြားရှိနေဆဲဖြစ်ကြောင်း၊ သို့ဖြစ်၍ ထိုင်းနိုင်ငံရှိ မြန်မာသံရုံး၊ စစ်သံရုံးတို့မှ ဝန်ထမ်းများအနေဖြင့် ထိုင်းနိုင်ငံသို့ အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိနေသူများနှင့် ပတ်သက်၍ တတ်နိုင်သမျှထိန်းသိမ်းစောင့်ရှောက်ပေးသွားရန်နှင့် မြန်မာနိုင်ငံ၏ ပကတိအခြေအနေမှန်များကို သိရှိနိုင်ရေးအတွက်လည်း ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ထိုင်းနိုင်ငံသို့ အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေသူများ၊ ရွှေ့ပြောင်းလုပ်သားများနှင့် ပတ်သက်၍လည်း ၎င်းတို့သည် မြန်မာနိုင်ငံသားများပင်ဖြစ်သည့်အတွက် ၎င်းတို့၏ ဘေးကင်းလုံခြုံရေးနှင့် အလုပ်သမားအခွင့်အရေးများ အပြည့်အဝရရှိစေရေး၊ နှစ်နိုင်ငံဥပဒေများနှင့်အညီ အကာအကွယ်ပေးနိုင်ရေး ထိုင်းနိုင်ငံဝန်ကြီးချုပ်၊ ထိုင်းနိုင်ငံအမျိုးသားလွှတ်တော်ယာယီဥက္ကဋ္ဌတို့နှင့် တွေ့ဆုံစဉ် ထည့်သွင်းဆွေးနွေးခဲ့ကြောင်း။
ပညာတော်သင်ဆိုင်ရာများနှင့် ပတ်သက်၍ ထိုင်းနိုင်ငံတွင် မြန်မာနိုင်ငံ စစ်ဘက်၊ အရပ်ဘက်မှ သင်တန်းသားများ များစွာလာရောက်သင်ယူလျက်ရှိကြောင်း၊ ၎င်းတို့၏ တိုးတက်နေသည့် ပညာရပ်ပိုင်းဆိုင်ရာ အတွေ့အကြုံများ၊ အသိပညာများကို အမှန်တကယ်သိရှိ တတ်ကျွမ်းနားလည်အောင် သင်ယူလေ့လာသွားကြရန်လိုကြောင်း၊ ဘာသာစကားနှင့် ပတ်သက်၍လည်း မိမိတို့လာရောက်တာဝန်ထမ်းဆောင်သည့် ကာလအတွင်း တတ်မြောက်အောင် လေ့လာသင်ယူခြင်းအားဖြင့် မိမိတို့၏ တာဝန်ထမ်းဆောင်မှုနှင့် ဘဝတိုးတက်ရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေနိုင်မည်ဖြစ်ကြောင်း၊ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာများ၊ အကျိုးရှိစေမည့် ကိစ္စရပ်များတွင်လည်း အထောက်အပံ့ကောင်းများ ဖြစ်လာစေနိုင်မည်ဖြစ်ကြောင်း။
တာဝန်ထမ်းဆောင်မှုများနှင့် ပတ်သက်၍ နိုင်ငံအချင်းချင်း ဆက်ဆံရာတွင် သံတမန်ဆက်ဆံရေးသည် များစွာအရေးပါသောကြောင့် သံရုံး၊ စစ်သံရုံးတို့မှ ဝန်ထမ်းများအနေဖြင့် မိမိတို့နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေးနှင့် နိုင်ငံအကျိုးစီးပွားတိုးတက်လာစေရေး နိုင်ငံ့ဝန်ထမ်းကောင်းပီသစွာဖြင့် ဆောင်ရွက်ကြရမည်ဖြစ်ပြီး နိုင်ငံဂုဏ်ကို မြှင့်တင်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ထို့ပြင် နိုင်ငံရပ်ခြားတွင် မိမိတို့နိုင်ငံတော်၏ တာဝန်များကို အတူတကွလာရောက်ထမ်းဆောင်နေကြခြင်းဖြစ်သည့်အတွက် တစ်ဦးနှင့်တစ်ဦး ဖေးမကူညီစောင့်ရှောက်ကြရန်နှင့် မိမိတို့၏ လုပ်ငန်းတာဝန်များကို ကျေပွန်အောင် ဝိုင်းဝန်းဆောင်ရွက်ကြရန်လိုကြောင်းဖြင့် မှာကြားသည်။
ထို့နောက် နိုင်ငံတော်သမ္မတက ဗန်ကောက်မြို့ရှိ မြန်မာသံရုံး၊ စစ်သံရုံး တို့မှ ဝန်ထမ်းမိသားစုများနှင့် ပညာတော်သင်ကြားလျက်ရှိသည့် မြန်မာနိုင်ငံမှ စစ်ဘက်၊ အရပ်ဘက် သင်တန်းသား၊ သင်တန်းသူများအတွက် လက်ဆောင်ပစ္စည်းများနှင့် ချီးမြှင့်ငွေများကိုပေးအပ်ရာ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး၊ မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ) နှင့် သင်တန်းသား၊ သင်တန်းသူများက လက်ခံရယူခဲ့ကြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတသည် သံရုံး၊ စစ်သံရုံး မိသားစုများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ပြီး လိုအပ်သည်များ ဖြည့်ဆည်းပေးကာ သံရုံးဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးသည်။
ထို့နောက် နိုင်ငံတော်သမ္မတသည် သံရုံးသို့ စာရွက်စာတမ်းအထောက်အထားဆိုင်ရာကိစ္စရပ်များ လာရောက်ဆောင်ရွက်နေကြသည့် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်အားပေးစကားပြောကြားပြီး နိုင်ငံရပ်ခြားသို့ အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိနေကြပြီး လုပ်ငန်းများဆောင်ရွက်နေကြခြင်းဖြစ်သဖြင့် အခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့ရပါက မည်သည့်အခက်အခဲပင်ဖြစ်စေ သံရုံး၊ စစ်သံရုံးများသို့ အချိန်မရွေး အကူအညီတောင်းခံသွားကြရန်လိုကြောင်း၊ ထုတ်ပြန်ထားသည့် ဥပဒေနှင့် စည်းကမ်းများနှင့်အညီဖြစ်စေရေးအတွက်လည်း စနစ်တကျ နေထိုင်လုပ်ကိုင်သွားကြရန်လိုကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် မိမိတို့နိုင်ငံသားများ၏ အခွင့်အရေးများ နစ်နာဆုံးရှုံးမှုမရှိစေရေး ဥပဒေများနှင့်အညီ ကာကွယ်စောင့်ရှောက်ပေးသွားမည်ဖြစ်ကြောင်းနှင့် အခြားလိုအပ်သည်များကို မှာကြားသည်။
ယင်းနောက် နိုင်ငံတော်သမ္မတသည် သံရုံးဝန်ထမ်းများ၏ လုပ်ငန်းဆောင်ရွက်နေမှုများအား လိုက်လံကြည့်ရှုကာ ထိုင်းနိုင်ငံသို့ အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိနေကြသည့် မြန်မာနိုင်ငံသားများ၊ မြန်မာအလုပ်သမားများအား ဥပဒေများနှင့်အညီ ကာကွယ်စောင့်ရှောက်ပေးသွားရန်လိုကြောင်း၊ သံရုံးဆိုင်ရာ စာရွက်စာတမ်းအထောက်အထားများ ဆောင်ရွက်ပေးရာတွင်လည်း စေတနာထားပြီး ကိုယ်ချင်းစာစိတ်ဖြင့် စိတ်ရှည်ရှည်ထားကာ ဆောင်ရွက်ပေးသွားရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
