မြဝတီ ဒီဇင်ဘာ ၆
ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်သည် မြဝတီမြို့ရှိ စိမ်းလဲ့မြိုင်အဝေးပြေးယာဉ် ရပ်နားစခန်းဖွင့်ပွဲနှင့် အမှတ်(၃) အခြေခံပညာ အထက်တန်း ကျောင်း၏ သုံးထပ်ကျောင်းဆောင် သစ်လွှဲပြောင်းပေးအပ်ပွဲနှင့် ဖွင့်ပွဲအခမ်းအနားများ ယမန်နေ့က တက်ရောက်ခဲ့ပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရ သည်။
ရှေးဦးစွာ စိမ်းလဲ့မြိုင်အဝေးပြေးယာဉ်ရပ်နားစခန်း မုဒ်ဦးအား ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ လုံခြုံရေးနှင့်နယ်စပ်ရေး ရာဝန်ကြီး ဗိုလ်မှူးကြီး မျိုးမင်းနောင်၊ စီမံကိန်း ဘဏ္ဍာရေးနှင့်စည်ပင်သာယာရေးဝန်ကြီး ဦးသန်းနိုင်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိန်ဗိုလ်၊ ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စိုး နှင့် Stepping Stone ကုမ္ပဏီဥက္ကဌ စောဖောဒို တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်သည်။
ထို့နောက် ဖွင့်ပွဲ ပထမပိုင်းအစီအစဉ်အရ စိမ်းလဲ့မြိုင်အဝေးပြေးယာဉ်ရပ်နားစခန်း ဆိုင်းဘုတ် အား ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် က စက်ခလုပ်နှိပ်၍ ဖွင့်လှစ်ပေးပြီး ဆိုင်းဘုတ်အား တာဝန်ရှိသူများနှင့်အတူ အမွှေးနံ့သာ ရည်များ ပတ်ဖျန်းပေးသည်။ ဒုတိယပိုင်း အစီအစဉ်အရ ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားပြီး Stepping Stone ကုမ္ပဏီ ဥက္ကဋ္ဌ စောဖောဒိုက ယာဉ်ရပ်နားစခန်း ဆောင်ရွက်ရခြင်းရည်ရွယ်ချက်အား ရှင်းလင်း ပြောကြားခြင်း၊ မြို့မိမြို့ဖ ဦးစိန်သောင်းမှ ဂုဏ်ပြုစကားပြောကြားခြင်းနှင့် စီမံကိန်း ဘဏ္ဍာရေးနှင့်စည်ပင်သာယာရေးဝန်ကြီး ဦးသန်းနိုင်က ဘင်ခရာအဖွဲ့နှင့်အကအဖွဲ့များအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း တို့ကိုဆောင်ရွက်သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၏ သုံးထပ် ကျောင်းဆောင် သစ်လွှဲပြောင်းပေးအပ်ပွဲနှင့် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး အဖွင့် အမှာ စကားပြောကြားသည်။ ထိုအခမ်းအနားတွင် ကျောင်းဆောင်သစ်အား ဆောက်လုပ် သည့် သပြေသုခဆောက်လုပ်ရေးကုမ္ပဏီမှ ပညာရေးဌာနသို့ လွှဲပြောင်းပေးအပ်ခြင်း၊ ကရင်ပြည်နယ်ပညာရေးမှူး ဦးငွေစိုးက ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခြင်း၊ ကျောင်းဆောင်သစ်အား ဖဲကြိုးဖြတ်ဖွင့် လှစ်ပေးခြင်းတို့ကို ဆောင်ရွက်သည်။
ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်ဝန်ကြီးများနှင့်တာဝန်ရှိသူများလိုက်ပါလျက် မြဝတီမြို့၊ ရပ်ကွက် ၆/၇ စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ အာဇာနည် ပန်းခြံ တိုးချဲ့ပြင်ဆင်နေမှု၊ လေးကေ့ကော်မြို့သစ်ရှိ လျှိုပိတ်တမံ ပြင်ဆင်မွမ်းမံနေမှုနှင့် မဲကနယ် တိုးချဲ့စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်နေမှု များအား လှည့်လည် ကြည့်ရှု စစ်ဆေး ခဲ့ကြောင်း သိရသည်။
ထိန်လင်းအောင်(ပြန်/ဆက်)