Skip to main content

နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့မှသည်

ယနေ့သည် မြန်မာသက္ကရာဇ် ၁၃၈၂ ခု တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက် ခရစ်နှစ် ၂၀၂၀ ပြည့်နှစ် နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ဖြစ်သည်။ ဤနေ့သည် ဗြိတိသျှနယ်ချဲ့တို့ပြဌာန်းသည့် ယူနီဗာစီတီအက်ဥပဒေကို လက်မခံဘဲ ဆန့်ကျင်တွန်းလှန်ခဲ့သောနေ့ဖြစ်သည်။ အမျိုးသားပညာရေးကို ဖော်ထုတ်ပြီး အမျိုးသားကျောင်းများ ထွန်းပေါက်လာသောနေ့ဖြစ်သည်။ မြန်မာ့လွတ်လပ်ရေးအတွက် ပြည်သူတစ်ရပ်လုံး အမျိုးသားရေးစိတ်ဓာတ်များ ထက်သန်နိုးကြားလာခဲ့သည့် အောင်ပွဲနေ့ ဖြစ်သည်။

ထိုနေ့သည် မြန်မာနိုင်ငံနှင့် တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးအတွက် ဂုဏ်ယူလေးစားတန်ဖိုးထားရမည့်နေ့ ဖြစ်သည်။ အမျိုးသားအောင်ပွဲနေ့အား ၁၂၈၂ ခု တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့ကို စတင်သတ်မှတ်ခဲ့ရာ ယခု ၁၃၈၂ခု ယနေ့တွင် နှစ်(၁၀၀)တိတိ ပြည့်ခဲ့ပေသည်။ အမျိုးသားအောင်ပွဲနေ့ကို နှစ်စဉ်ကျင်းပလာခဲ့ရာတွင် ငွေရတု၊ ရွှေရတု၊ စိန်ရတုကျရောက်သော ကာလများ၌ ခမ်းခမ်းနားနား ထည်ထည်ဝါဝါ အထူးကျင်းပနိုင်ခဲ့သည်။ ယခုအခါ ကြုံတောင့်ကြုံခဲ ရာပြည့်အမျိုးသားအောင်ပွဲနေ့ဖြစ်သော်လည်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေဆဲဖြစ်၍ အခမ်းအနားမကျင်းပနိုင်ဘဲ ဂုဏ်ယူဖွယ်ရာ သမိုင်းဝင်အမှတ်တရများကို ထုတ်ဖော်၍ နှစ်တစ်ရာပြည့်အဖြစ် ဂုဏ်တင်ကြရမည် ဖြစ်သည်။

၁၉၂၀ ပြည့်နှစ် အမျိုးသားနေ့မှ အစပြုခဲ့သည့် မြန်မာတို့၏ အမျိုးသားအားမာန်များသည် နှစ်ပေါင်း ၁၀၀ ကာလတိုင်သော်လည်း မယုတ်မလျော့ မပျက်မယွင်း ယနေ့ထက်တိုင် မြဲမြံခိုင်ကျည်လျက်ရှိသည်။ အမျိုးသားအောင်ပွဲနေ့သည် ပညာရေးကို အကြောင်းပြုသည်ဖြစ်၍ ယနေ့မျက်မှောက် ကာလတွင် အမျိုးသားပညာရေးကို မြှင့်တင်၍ ခေတ်မီပညာရေးကို နိုင်ငံတကာတွင် ဝင်ဆံ့အောင် ကြိုးပမ်းအားထုတ်ကြရမည်ဖြစ်သည်။ တိုင်းပြည် ဖွံ့ဖြိုးရေးတည်ဆောက်ရေးကို ဖော်ဆောင်နေသောကာလ၌ မိမိတိုင်းပြည် အနာဂတ်တွင် တိုးတက်အောင်မြင်ဖြစ်ထွန်းရေးအတွက် ပညာဖြင့်အခြေခံ ပညာဖြင့် ရင်းနှီးမြှုပ်နှံကြရမည်ဖြစ်ရာ ထိုပညာ၏အခြေခံဇာစ်မြစ်သည် အမျိုးသားအောင်ပွဲနေ့မှ စတင်ဖြစ်တည်သည်ဟု ဆိုနိုင်ပါသည်။

ထို့ကြောင့် ၂၀၂၀ ပြည့်နှစ် နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့တွင် ကျောင်းနေအရွယ်လူငယ်အားလုံး အခြေခံပညာသင်ယူခွင့်ရရှိရေး၊ လူမှုစီးပွားရေးအတွက် လက်တွေ့အကျိုးပြုသည့်ဘာသာရပ်များ တစ်သက်တာ သင်ယူမှုအခွင့်အလမ်းရရှိရေး၊ ပြည်ထောင်စုကြီး ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းရင်းသားဒေသများ၌ ပညာရေးတွင် ပိုမိုပံ့ပိုးရင်းနှီးမြှုပ်နှံရေး၊ ပညာရေးဖွံ့ဖြိုးတိုးတက်မှုအတွက် နည်းပညာနှင့် အခြေခံအဆောက်အအုံများ ဖြည့်ဆည်းရေးနှင့် တိုင်းရင်းသားအားလုံး၏ စုပေါင်းအင်အားဖြင့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးဟူသော ပညာကိုအခြေခံသည့် ဦးတည်ချက်ငါးရပ် ချမှတ်ထားသည်ကို တွေ့ရသည်။

ပညာကို အခြေခံသည်ဆိုရာ၌ တိုင်းပြည်တိုးတက်ရေးတွင် ခေတ်မီပညာရပ်ဆိုင်ရာတို့ကို နိုင်ငံတကာနှင့်တန်းတူ ယှဉ်ပြိုင်နိုင်ရန် အဆင့်မြှင့်တင် လေ့လာသင်ယူကြရမည်ဖြစ်သော်လည်း အစဉ်ထာဝရ မပျောက်ပျက် သင့်သော တိုင်းပြည်အပေါ်ထားအပ်သည့် အမျိုးသားစိတ်ဓာတ်အနေဖြင့်မူ မြန်မာနိုင်ငံကိုအထူးပြုသည့် မြန်မာနိုင်ငံနှင့်သက်ဆိုင်သည့် ဘာသာ၊ စာပေယဉ်ကျေးမှုများ မပျောက်ပျက်အောင် မတိမ်ကောအောင် ထိန်းသိမ်းမြှင့်တင် လေ့လာဆည်းပူးကြရမည် ဖြစ်သည်။

ယခုအခါ မြန်မာစာ မြန်မာ့ယဉ်ကျေးမှု၏ သိမ်မွေ့နက်နဲမှုနှင့် လေးနက်တည်ကြည်မှုတို့ကို သိမြင်လာကြသဖြင့် တိုင်းတစ်ပါးလူမျိုးခြားများကပင် မြန်မာနိုင်ငံ၏ စာပေယဉ်ကျေးဖွံ့ဖြိုးတိုးတက်မှုတို့ကို ဂုဏ်ယူ မြတ်နိုးတန်ဖိုးထားကာလေ့လာလိုက်စားလာကြပေသည်။ ဤဏ်ယူဖွယ်ရာ သမိုင်းအစဉ်အလာရှိသည့် စာပေယဉ်ကျေးမှုတို့ကို ပိုင်ရှင်ကိုယ်တိုင်ဖြစ်သည့် မြန်မာတို့က ပိုမိုမြတ်နိုးတန်ဖိုးထား အလေးထားထိန်းသိမ်းမြှင့်တင် ကြရမည်ဖြစ်သည်။ ဤထားရှိရမည့်စိတ်ဓာတ်သည် အမျိုးသားအောင်ပွဲနေ့မှ ပေါက်ဖွားလာသည့် အမျိုးသားစိတ်ဓာတ်ပင် ဖြစ်သည်။

သို့ဖြစ်ရာ ၁၂၈၂ ခု၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်၊ ၁၉၂၀ ပြည့်နှစ် အမျိုးသားနေ့တွင် စတင်ပေါ်ပေါက်လာသည့် အမျိုးသားရေး စိတ်ဓာတ်ခွန်အားများသည် မိမိနိုင်ငံ၊ မိမိလူမျိုးအကျိုးစီးပွားဖြစ်ထွန်းရေး ကာကွယ်စောင့်ရှောက်ရေးအတွက်ဖြစ်ရာ ၁၃၈၂ ခုနှစ် ၂၀၁၂ဝ ပြည့်နှစ် ရာပြည့်အမျိုးသား အောင်ပွဲနေ့မှစတင်၍မိမိတိုင်းပြည်ကို ချစ်မြတ်နိုးသည့် ပညာလိုလားသော နိုင်ငံသားများဖြစ်အောင် ကြိုးပမ်းအားထုတ်ပြီး ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီး ဖြစ်ပေါ်လာစေရန် ဝိုင်းဝန်းလက်တွဲဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း။ ။