Skip to main content

၂၀၂၀ ပြည့်နှစ်၊ ပညာရေးဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး နှီးနှောဖလှယ်ပွဲ (အခြေခံပညာ ကဏ္ဍ) ဒုတိယပိုင်းအစီအစဉ် ဆက်လက်ကျင်းပ

နေပြည်တော် ဇန်နဝါရီ ၂၈

 

၂၀၂၀ ပြည့်နှစ်၊ ပညာရေးဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး နှီးနှောဖလှယ်ပွဲ (အခြေခံပညာ ကဏ္ဍ) ဒုတိယပိုင်းအခမ်းအနားကို ယနေ့နံနက် ၁၁ နာရီခွဲတွင် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန-၂ (MICC-2) ခန်းမ၌ အစီအစဉ်အတိုင်း ဆက်လက်ကျင်းပသည်။
ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အမျိုးသား ပညာရေး မဟာဗျူဟာစီမံကိန်းအရ အခြေခံပညာကဏ္ဍနှင့် ပတ်သက်၍ ပြုပြင်ပြောင်းလဲ အကောင်အထည်ဖော် ဆောင်ရွက်ရွက်ရာတွင် အားကောင်းမှုများကို ပိုမိုအားကောင်းအောင် ဆောင်ရွက်ကြရန်နှင့် အခက်အခဲများ၊ ဖြည့်ဆည်းဆောင်ရွက်ပေးရန် လိုအပ်ချက်များကို ပြန်လည်စိစစ်ပြီး ယခုလက်ရှိ အခြေအနေတွင် မည်သို့ဖြေရှင်းဆောင်ရွက်ရန်နှင့် အနာဂတ်တွင် မည်သို့ဖြေရှင်းဆောင်ရွက်ရမည် တို့ကို ဆွေးနွေးညှိနှိုင်း ဆောင်ရွက်ကြမည်ဖြစ်ပါကြောင်း၊ ပညာရေးပြုပြင်ပြောင်းလဲမှုများကို မူဝါဒများ၊ ဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ၊ ဗျူဟာ၊ မဟာဗျူဟာများတို့ဖြင့် စနစ်တကျ ခိုင်ခိုင်မာမာ တည်ဆောက်၍ ဆောင်ရွက်နေပါကြောင်း၊ နှစ်ပေါင်းများစွာ အားနည်းခဲ့သည့် ပညာရေးကဏ္ဍ ပြန်လည် ဖွံ့ဖြိုးတိုးတက်ရေး ပြုပြင်ပြောင်းလဲဆောင်ရွက်ကြရာတွင် လိုအပ်ချက်များအားလုံးကို အလွယ်တကူဖြင့် ချက်ခြင်းပြီးပြည့်စုံနိုင်မည်မဟုတ်သော်လည်း လုပ်ထုံးလုပ်နည်း၊ ဥပဒေ၊ နည်းဥပဒေ များနှင့်အညီ စနစ်တကျ တစ်ဆင့်ပြီးတစ်ဆင့် အကောင်းဆုံးဖြစ်အောင် လက်တွေ့ကျကျ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ နိုင်ငံအတွက် အားထားရမည့် အနာဂတ် လူငယ်များကို လူသားကောင်းများဖြစ်အောင်၊ ပူးပေါင်းဆောင်ရွက်တတ်အောင်၊ တာဝန်ယူတာဝန်ခံ ဆောင်ရွက်တတ်အောင်၊ ဆန်းသစ်တီထွင် ဖန်တီးနိုင်စွမ်းရှိအောင် ရည်ရွယ်ချက်ထား၍ ပြုစုပျိုးထောင် ပေးနေပါကြောင်း၊ ယခုကျင်းပသည့် နှီးနှောဖလှယ်ပွဲတွင် အပြုသဘောဆောင်သော ပူးပေါင်းဆောင် ရွက်မှုများဖြင့် အားသာချက် အားနည်းချက်များကို ညှိညှိနှိုင်းနှိုင်း ဆွေးနွေးပြီး မြန်မာနိုင်ငံ၏ အနာဂတ် လှပအောင် ဖော်ဆောင်ပေးနိုင်သည့် လူ့စွမ်းအားအရင်းအမြစ်များ ပြုစုပျိုးထောင် မွေးထုတ်ပေးနိုင် ရေးအတွက် အားလုံးညီညီညွတ်ညွတ် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြမည်ဖြစ်ပါကြောင်း အမှာစကား ပြောကြားသည်။
ထို့နောက် အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ၂၀၁၈ ခုနှစ်၊ ပညာရေးဖွံ့ဖြိုး တိုးတက်မှု အကောင်အထည်ဖော်ရေး နှီးနှောဖလှယ်ပွဲ (အခြေခံပညာကဏ္ဍ) ၏ စာတမ်းပါ လုပ်ငန်းများ တိုးတက်မှုကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် အခြေခံပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် (စီမံ) ဦးရဲလင်းမြင့်က ပိုမို ကောင်းမွန်ပြည့်စုံသော ဝန်ထမ်းရေးရာစီမံခန့်ခွဲမှု စာတမ်းကိုလည်းကောင်း၊ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူး (ဘဏ္ဍာ)၊ ဦးသန်းစိုးအောင်က သင်ကြားသင်ယူမှု တိုးတက်ရေးအတွက် ရုပ်ပတ် ဝန်းကျင်ကောင်းတစ်ခု ဖြည့်ဆည်းဆောင်ရွက်ရေး စာတမ်းကိုလည်းကောင်း၊ အခြေခံပညာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး (သင်ကြား) ဒေါ်ချိုချိုဝင်းက လုပ်ငန်းအခြေပြု လေ့လာသင်ယူခြင်းကို ထိရောက်စွာ လက်တွေ့ဆောင်ရွက်နိုင်မှုအပေါ် လုပ်ဆောင်မှု အခြေပြုအကဲဖြတ် ဆန်းစစ်နိုင်ရေး စာတမ်းကိုလည်းကောင်း၊ အခြေခံပညာဦးစီးဌာန ပညာရေးစီမံခန့်ခွဲမှု သင်တန်းကျောင်း (ရန်ကုန်) မှ ဒုတိယကျောင်းအုပ်ကြီး ဒေါ်နော်သီသီထူးက ထိရောက်သော ပညာရေးစီမံခန့်ခွဲမှုဖြစ်စေရန် ပညာရေး စီမံခန့်ခွဲမှု သင်တန်းကျောင်း၏ အရည်အသွေးမြှင့်တင်ရေး စာတမ်းကိုလည်းကောင်း၊ အခြေခံပညာ ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး (ပညာဌာန) မှ ဦးခင်မောင်ကျော်က စာဖတ်ရှိန် မြှင့်တင်ရေး လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှု အခြေအနေ စာတမ်းများကို လည်းကောင်း ဖတ်ကြား တင်ပြကြသည်။
ယင်းနောက် ဆွေးနွေးပွဲ စာတမ်းများကို အဖွဲ့ငယ်အလိုက် ဆွေးနွေးကြပြီး အဖွဲ့ငယ် အသီးသီးက ပြန်လည်တင်ပြကြပြီး ဆွေးနွေးညှိနှိုင်းမှုများကိုစုစည်း၍ မှတ်တမ်းတင်သည်။ ၂၀၂၀ ပြည့်နှစ်၊ ပညာရေး ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး နှီးနှောဖလှယ်ပွဲ (အခြေခံပညာကဏ္ဍ) အား ဇန်နဝါရီ ၂၉ ရက်အထိ ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)