မြန်မာနိုင်ငံ၏ ပညာရေးသင်ရိုးညွှန်းတမ်းများတွင် အစဉ်အဆက် သင်ကြားခဲ့ကြရသည့်အတိုင်း မြန်မာနိုင်ငံသည် စိမ်းလန်း စိုပြည်သော ရေမြေတောတောင်တို့နှင့် သဘာဝသယံဇာတရင်းမြစ်များ လွန်စွာ ချမ်းသာကြွယ်ဝသည့်တိုင်းပြည်တစ်ခုဖြစ်သည်ဟု နားလည်ခဲ့ကြပါသည်။
မည်မျှ ချမ်းသာကြွယ်ဝသည် ဆိုခြင်းကိုလည်းကောင်း၊ ထိုသယံ ဇာတရင်းမြစ်တို့ကို မည်သို့မည်ပုံ စီမံခန့်ခွဲသုံးစွဲနေသည် ကိုလည်းကောင်း ကိုမူ နိုင်ငံသားပြည်သူတို့သည် ရိပ်ဖမ်းသံဖမ်းမျှဖြင့်သာ နားလည်သိရှိ သဘောပေါက်နေကြရပါသည်။ ။
ပတ္တမြား ကျောက်စိမ်း၊ ပယင်း ဒုတ္တာ၊ ရတနာရွှေငွေ၊ ကြေးနီ၊ သတ္တု တို့ သာမက ရေနံ၊ သဘာဝဓာတ်ငွေ့တို့နှင့်အတူ ကျွန်း၊ ပိတောက်၊ သစ်ယာ၊ အင်ကြင်း အစရှိသည့် သစ်တောကြီး များက တစ်နိုင်ငံလုံး စိမ်းညိုမှိုင်းကာ ရှိနေသည်ဟုသာ ယေဘုယျ နားလည် နေခဲ့ကြသည်။ အမှန်တကယ် မည်မျှရှိမှန်းမသိ။ အထူးသဖြင့်မူ အမှန်တကယ် မည်မျှ ထုတ်လုပ်သုံးစွဲနေမှန်းမသိ။ ထို့ထက်ပို၍ဆိုရပါလျှင် မည်သူတွေက မည်သို့ထုတ်လုပ်မည်သို့ရောင်းချနေပြီး မည်သို့ အမြတ် ထွက်နေမှန်းလည်း သေသေချာချာ မသိကြသည်မှာ အမှန်။
နေရာများစွာ၌ သစ်တောကြီးများ ပြုတ်ပြုတ်ပြုန်းကုန်ခဲ့ခြင်း၏ အကျိုးဆက်အဖြစ် ရာသီဥတုများ ဖောက်ပြန်နေပြီ၊ သဘာဝ ဘေးများနှင့် ကြုံရပြီဆိုမှသာ ပြည်သူတို့မှာ နဖူးတွေ့ ဒူးတွေ့ ဆုံကြရ၏။ မည်သို့ တူးဖော်ထုတ်လုပ်ဖြတ်တောက် သုံးစွဲသယ်ယူ ရောင်းချနေသည်ကို တိတိကျကျ မသိရသော်လည်း သဘာဝဘေးဒဏ်နှင့် ကြုံရသည့်အခါတွင် ရှေ့ဆုံးတန်းက ခံစားရသူမှာ ပြည်သူလူထု ဖြစ်ပါသည်။
နိုင်ငံတွင်းက ရေနံ၊ ကြေးနီ၊ ရွှေငွေ၊ သတ္တု၊ သဘာဝဓာတ်ငွေ့ တူးဖော် ထုတ်လုပ်ရောင်းချမှုတို့၏ အကျိုးအမြတ်မည်မျှဆို သည်ကိုသာ သေသေ ချာချာမသိရ ရှိကောင်းရှိမည်၊ ထိုဒေသဝန်းကျင် တစ်လျှောက် ရပ်ရွာ အိမ်ခြေတို့ ရွှေ့ပြောင်းသည့်အခါ လူမှုရေးဒုက္ခအမျိုးမျိုးကို ခါးစည်းခံရသူ များမှာလည်း ဒေသခံပြည်သူတို့သာ။
လျှပ်စစ်မီးထုတ်လုပ်နိုင်ရန်အလို့ငှာ သဘာဝဓာတ်ငွေ့ပိုက်လိုင်းကြီး များဖြင့် သွယ်ဆက်ရောင်းချပြီး လျှပ်စစ်စွမ်းအားများ ထုတ်လုပ်နေသည် ဟူသည့် သတင်းများကို ဝမ်းသာအားရဖြစ်ရင်း လျှပ်စစ်မီးမရှိသည့် အမှောင်ထုတွင်း၌ နေရသူများမှာလည်း ပြည်သူတို့သာ။ ။
အမှန်တော့ အကြီးမားဆုံးသော အမှောင်ပိတ်ဖုံးနေမှုက နိုင်ငံတွင်းရှိ သဘာဝသယံဇာတများကို မည်သူတို့က တူးဖော်ထုတ်လုပ် နေကြ သနည်း၊ ထိုသယံဇာတများပေါ်က အကျိုးအမြတ်များကို မည်သူတို့က ရယူနေကြသနည်း၊ လုပ်ပိုင်ခွင့်များကို မည်သို့ မည်ပုံ ရရှိနေကြပြီး နိုင်ငံတော်၏ အခွန်ဘဏ္ဍာအဖြစ် မည်မျှလောက် ရရှိနေသနည်းဟူသည့် သတင်းနှင့်အချက်အလက်များကို ပြည်သူလူထုက ဂဃနဏ မသိရခြင်း ဖြစ်ပေသည်။ ။
ထိုသို့သော တူးဖော်ထုတ်လုပ်ခွင့်၊ သယ်ယူရောင်းချခွင့် မည်သူတွေ ရရှိနေသည်။ ထိုလုပ်ငန်းရပ် များနှင့် ပတ်သက်သော အလုပ်လုပ်ခွင့်ကို မည်သို့သော စာချုပ်များ၊ မည်သို့သော သဘောတူညီမှု များရှိခဲ့သည် စသည်တို့ကို ပြည်သူလူထုက သိခွင့်၊ ထိုသတင်းနှင့် အချက်အလက်တို့ကို ရယူခွင့်ရှိရန် လည်း လိုအပ်မည် ဖြစ်ပါသည်။ ။
ဤသို့ဖြင့် ပြည်သူတို့သည် မြန်မာ့သဘာဝ သယံဇာတရင်းမြစ်များ ကို မည်သူတွေက မည်သို့မည်ပုံ တူးဖော်ထုတ်လုပ် ရောင်းချနေသည် ကို ပွင့်ပွင့်လင်းလင်း သိရှိနိုင်ပါမည်။ ယင်းသို့ သိရှိသည်နှင့်အမျှ ယင်းလုပ်ငန်းသည် လျော်ကန်၏၊ မလျော်ကန်၏၊ သင့်၏၊မသင့်၏ကို တွက်ဆ ဆန်းစစ်နိုင်ပါမည်။ ပြည်သူလူထုအတွက် နစ်နာမှုမရှိရအောင် လူထုအတွက် သင့်မြတ်သည့် အကျိုးကျေးဇူးရှိအောင် နားလည် တတ်ကျွမ်းသူ ပညာရှင်တို့၏ ပိုင်းဆစ်ဝေဖန်မှု အကြံပြုမှုများကို သိခွင့် ရနိုင်မည် ဖြစ်ပါသည်။
တိုင်းပြည်၏ သယံဇာတရင်းမြစ်များကို အသုံးချ၍ ကိုယ်ကျိုးစီးပွား ရှာမှုများ၊ အဂတိလိုက်စား မှုများ၊ မတော်မတရားမှုများကို ထိထိ ရောက်ရောက် ကာကွယ်စောင့်ရှောက်နိုင်လာလိမ့်မည်ဟု ယူဆပါသည်။
သယံဇာတ တူးဖော်ထုတ်လုပ်ခွင့်များကို နည်းမျိုးစုံဖြင့် ရယူပြီး နောက်၊ သဘောတူသတ်မှတ်ထား သည်ထက် ပိုမိုထုတ် လုပ်ခြင်းများ၊ ပိုမိုခုတ်ယူခြင်းများဖြင့် ပြည်သူ့ဘဏ္ဍာ ထိခိုက်နစ်နာနေမှုများက ကာလရှည်ကြာလှပြီဖြစ်ပါသည်။ ထို့ကြောင့် သဘာဝသယံဇာတ ရင်းမြစ်များ ထုတ်လုပ်ခွင့် တူးဖော်ခွင့် သယ်ယူခွင့် ရောင်းချခွင့် စသည့် အဆင့်ဆင့်တို့တွင် စနစ်တကျ ရှိအောင်၊ အများပြည် သူကြား ပွင့်လင်း မြင်သာမှုရှိအောင် ပြုရန်လိုပါသည်။ ဤသို့ဖြင့်များစွာသော မတရားမှုများ၊ ခြစားမှုများကို ကာကွယ်နိုင်ပါမည်။ ပြည်သူ့ရင်းမြစ်များ ပြည်သူ့ဘဏ္ဍာ ယိုယွင်းမှု နည်းပါး ပပျောက်အောင် တားဆီးနိုင်ပါမည်။ ယင်းတို့နှင့် အတူ မလိုလားအပ်သော သဘာဝပတ်ဝန်းကျင် ပြုန်းတီးမှုများကို ပိုမိုကာကွယ်စောင့်ရှောက်ထိန်းသိမ်းနိုင်လိမ့်မည်ဟု ယုံကြည် ပါသည်။ မြန်မာ့ သယံဇာတရင်းမြစ်များ တူးဖော်ထုတ်ယူ ရောင်းဝယ်ဖောက်ကားမည့် လုပ်ငန်းတို့နှင့်ပတ်သက်သည့် သဘော တူညီမှုများကို အများပြည်သူကြား ပွင့်လင်းမြင်သာဖြစ်စေခြင်းဖြင့် နိုင်ငံ၏ရင်းမြစ်များကို ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ရာ ရောက်သကဲ့သို့ ပြည်သူ့ဘဏ္ဍာများ အလေ အလွင့်မဖြစ်ရေး ကိုလည်း ထောက်ကန်ပေးရာရောက်မည်ဟု ယုံကြည် ပါကြောင်း။ ။