နေပြည်တော် ဇန်နဝါရီ ၂၉
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး တတိယနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပ သည်။
အစည်းအဝေးတွင် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က မြို့တော်စည်ပင်သာယာရေး နယ်နိမိတ်အတွင်း စွန့်ပစ်အမှိုက်များ ပြုပြင်သန့်စင်သည့် စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ရန် ပိုလန်နိုင်ငံ အစိုးရထံမှ ODA ချေးငွေ ယူရိုသန်း ၅၀ ရယူရေးကိစ္စနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။
ဒလမဲဆန္ဒနယ်မှ ဒေါက်တာစိန်မြအေး က အမှိုက်ပြဿနာ ဖြေရှင်းရာတွင် အသိပညာပေးရေး လုပ်ငန်းများ ထိရောက်စွာဆောင်ရွက်ရန် အရေးကြီးသကဲ့သို့ ပြဋ္ဌာန်းထားသည့် မြို့တော်စည်ပင် ဥပဒေတွင် စည်းကမ်းမဲ့ အမှိုက်ပစ်ခြင်းနှင့် ပတ်သက်၍ ချမှတ်ရမည့် ပြစ်ဒဏ်များကို ထိထိရောက်ရောက် ချမှတ်ပေးရန် အရေးကြီးပါကြောင်း၊ ယခုချေးငွေသည် သက်သာမှုရှိသည့် ချေးငွေဖြစ်သော်လည်း ပေးဆပ်ကာလမှာ ၆၇နှစ် ဖြစ်နေသည့်အတွက် ပြုပြင် သန့်စင်စက်အား သက်တမ်းရှည်စေရန်အတွက် ပြုပြင်ထိန်းသိမ်းရန် လိုအပ်ပါကြောင်း၊ ယခုစီမံကိန်းသည် ကြွေးမြီခံနိုင်ရည်ရှိမှု အတိုင်းအတာ အတွင်းရှိခြင်း၊ ပြည်ထောင်စုဘဏ္ဍာငွေ အရအသုံးဥပဒေ၊ ပြည်သူ့ ကြွေးမြီစီမံခန့်ခွဲမှု ဥပဒေနှင့် ကြွေးမြီနှင့် ဖွံ့ဖြိုးမှုဆိုင်ရာ မဟာဗျူဟာမူဝါဒများနှင့် ကိုက်ညီသည့်အတွက် ထောက်ခံပါကြောင်း ဆွေးနွေးသည်။
မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)မှ ဦးကျော်တုတ်က အမှိုက် ချေဖျက်ပြုပြင် သန့်စင်သည့် စနစ်ကြောင့် မြို့တော်နေ ပြည်သူများအတွက် သန့်ရှင်းသာယာသော ပတ်ဝန်းကျင် တစ်ခုဖြစ်စေခြင်း၊ လေထု၊ ရေထု၊ မြေထုနှင့် ပတ်ဝန်းကျင် ညစ်ညမ်းမှု ထိန်းချုပ်ကာကွယ်နိုင်ခြင်း၊ ရန်ကုန်မြို့အတွက်သာမက နိုင်ငံ့အတွက်ပါ အနာဂတ် ကာလရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ တိုးမြှင့်စေပြီး အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးခြင်းစသည့် အကျိုးကျေးဇူးများအပြင် ယခုစီမံကိန်းမှ ရရှိလာသည့် ထွက်ကုန်များမှ ရရှိမည့်ဝင်ငွေသည် တစ်နှစ်လျှင် အနည်းဆုံးငွေကျပ် ၁၇၅၂ သန်း ရရှိမည်ဖြစ်သည့်အတွက် နှစ်စဉ်ပြန်လည်ပေးဆပ်ရမည့် အတိုး၊ အရင်းများကို ယခုစီမံကိန်းမှရရှိသည့် ငွေဖြင့် ပြန်လည်ပေးဆပ်နိုင်မည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေး နယ်နိမိတ်အတွင်း စွန့်ပစ်အမှိုက်များ ပြုပြင် သန့်စင် စီမံကိန်းအတွက် ပိုလန်အစိုးရထံမှ ချေးငွေ ယူရိုသန်း ၅၀ ရရှိရေးကို ထောက်ခံပါကြောင်း ဆွေးနွေးသည်။
ဆင်ပေါင်ဝဲမဲဆန္ဒနယ်မှ ဦးနေထက်ဝင်း က ယခုချေးငွေ အစီအစဉ်ဖြင့် ဆောင်ရွက်မည့် စီမံကိန်းသည် အမျိုးသားအဆင့် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု မဟာဗျူဟာနှင့် ပင်မအစီအစဉ်တွင်လည်း အကျုံးဝင် အထောက်အကူပြုနေသည့်အတွက် ထောက်ခံပါကြောင်း၊ သို့သော် ယခုစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ပြီ ဆိုပါကလည်း စွန့်ပစ်အမှိုက်၊ စွန့်ပစ်ရေဆိုးများကြောင့် ကျန်းမာရေးနှင့်ပတ်ဝန်းကျင် ညစ်ညမ်းမှု ပြဿနာများသည် စိန်ခေါ်မှုများအဖြစ် ရှိနေမည်ဖြစ်ပြီး လိုအပ်သည့် နည်းပညာ အကူအညီ၊ လုံလောက်သော အထောက်အကူပစ္စည်း ကိရိယာများဖြင့် စနစ်တကျ ဆက်လက်ဖြေရှင်းဆောင်ရွက် သွားလိုပါကြောင်း၊ ထို့ပြင် ယခုစီမံကိန်း အပါအဝင် စွန့်ပစ်ပစ္စည်း ပြဿနာများအား ရေတို၊ ရေရှည် အစီအမံများချမှတ်၍ စနစ်တကျ ဖြေရှင်း ဆောင်ရွက်သွားစေလိုပါကြောင်း၊ ထို့ကြောင့် ပိုလန်နိုင်ငံအစိုးရထံမှ ချေးငွေရရှိရေး အစီအစဉ်ကို ထောက်ခံပါကြောင်း ဆွေးနွေးသည်။
ယင်းကိစ္စနှင့်စပ်လျဉ်း၍ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)မှ ဦးဆန်းမြင့်၊ ကယားပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)မှ ဦးစိုးသိန်း၊ ပုသိမ်ကြီးမဲဆန္ဒနယ်မှ ဦးသောင်းဌေးလင်း၊ ဆိပ်ဖြူ မဲဆန္ဒနယ်မှ ဦးအောင်သိုက်၊ အလုံမဲဆန္ဒနယ်မှ ဦးရဲလွင်၊ ပုလဲမဲဆန္ဒနယ်မှ ဒေါ်ခင်စန်းလှိုင်နှင့် လှိုင်မဲဆန္ဒနယ်မှ ဦးအောင်ကျော်ကျော်ဦးတို့က ဆက်လက်ဆွေးနွေးကြသည်။
ထို့နောက် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်း က ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးမှ ပေးပို့သော ၂၀၁၈ ခုနှစ်၊ ဧပြီလမှ စက်တင်ဘာလအထိ ၆ လအတွက် စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာနှင့် စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်အစီရင်ခံစာ ဒုတိယတွဲ (၁/၂၀၂၀)ကို ဖတ်ကြားတင်ပြပြီး ယင်းအစီရင်ခံစာကို ဆွေးနွေးစဉ်းစား ပေးနိုင်ပါရန် အဆိုတင်သွင်းသည်။
ဆက်လက်၍ ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ် က အဆိုပါ အစီရင်ခံစာ ဒုတိယတွဲ (၁/၂၀၂၀) အပေါ် ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ် ရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။
ထို့နောက် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးမှ ပေးပို့သော ၂၀၁၈ခုနှစ်၊ ဧပြီလမှ စက်တင်ဘာလအထိ ၆ လအတွက် စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာနှင့် စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်း ပူးပေါင်း ကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာ ပထမတွဲ(၁၆/၂၀၁၉) အပေါ်လွှတ်တော် ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။
မော်လိုက်မဲဆန္ဒနယ်မှ ဒေါ်ချိုချိုဝင်း က အစီရင်ခံစာတစ်ခုလုံးကို ခြုံငုံကြည့် မည်ဆိုပါက နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်ကြသည့် ဌာနဆိုင်ရာများအနေဖြင့် နိုင်ငံတော်က ချမှတ်ထားသည့် ဥပဒေစည်းမျဉ်း စည်းကမ်း၊ အမိန့်ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်မှု အားနည်းခြင်းကြောင့် နိုင်ငံတော်အတွက် ဆုံးရှုံးမှုများ၊ ကြန့်ကြာမှုများ၊ အလေအလွင့်များစွာ ဖြစ်ပေါ်နေသည်ကို မြင်တွေ့နေရပါကြောင်း၊ ထို့ပြင် နိုင်ငံတော်ဘဏ္ဍာငွေ ရသင့်ရလောက် မရရှိခြင်း၊ မဆုံးရှုံးသင့်ဘဲ ဆုံးရှုံးနေရခြင်းများ ဖြစ်ပေါ်နေပါကြောင်း၊ အထူးသဖြင့် ပြည်ပချေးငွေများဖြင့် ဆောင်ရွက်ရသည့် စီမံကိန်းအများစု သည် သတ်မှတ်ကာလအတွင်း ရာခိုင်နှုန်း အနည်းငယ်သာ ပြီးစီးခြင်း၊ အချို့အကောင်အထည်ဖော် ဆောင်ရွက်မှုများသည် ပြည်သူအတွက် အကျိုးရှိသင့်သလောက် မရှိခြင်းများ ဖြစ်ပေါ်နေသည်ကို တွေ့ရှိရပါကြောင်း၊ တာဝန်ယူမှု၊ တာဝန်ခံမှုအပိုင်းတွင်လည်း သက်ဆိုင်ရာမှ ပြတ်ပြတ်သားသား အရေးယူ ဆောင်ရွက်မှုများ လိုအပ်နေသည်ကို တွေ့ရှိရပြီး ဘက်ပေါင်းစုံမှ ပြောင်းလဲရန် အချိန် တန်ပြီဖြစ်ပါကြောင်း ဆွေးနွေးသည်။
သံဖြူဇရပ်မဲဆန္ဒနယ်မှ ဦးဉာဏ်ဟိန်း က စာရင်းစစ်ချုပ် အစီရင်ခံစာတွင် မြစိမ်းရောင် ချေးငွေ စီမံကိန်းသည် လက်တွေ့တွင် အကောင်အထည်ဖော်မှု အားနည်းခြင်း၊ ချေးငွေများပြန် မဆပ်နိုင်ခြင်းများကို ပြည်သူလူထုအား စည်းရုံရေးနည်းဖြင့် ဆောင်ရွက်ရန် အကြံပြုခဲ့သည်ကို တွေ့ရှိရပါကြောင်း၊ ယင်းသို့ စည်းရုံးရာတွင် မိမိအနေဖြင့် ထပ်ဆင့်အကြံပြုလိုသည်မှာ မြစိမ်းရောင် စီမံကိန်းရန်ပုံငွေကို လူထုဆန္ဒအတိုင်း လွတ်လပ်စွာ အကောင်အထည်ဖော်ခွင့်ပေးရန်၊ ဈေးကွက်ဝင်သီးနှံများကို ရှာဖွေပေးရန်နှင့် ရင်းနှီးငွေလုံလောက်စေရန်အတွက် ဘုံစနစ်သို့ ပြောင်းပေးရန် အကြံပြုလိုပါ ကြောင်းဆွေးနွေးသည်။
ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၁၁)မှ ဒေါ်ထုမေ က အစီရင်ခံစာ ပထမတွဲ (၁၆/၂၀၁၉) ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာရေးနှစ် ထောက်ပံ့အသုံးစရိတ်နှင့် သမ္မတပညာသင်ဆု ဘွဲ့ကြိုနှင့် ဘွဲ့လွန်တန်း ချီးမြှင့်မှု အသုံးစရိတ် အကြောင်းအရာနှင့် ပတ်သက်၍ သမ္မတပညာတော်သင်ဆု ရွေးချယ်စေလွှတ် ရေးကို (၃)နှစ်တာ အတောအတွင်း အကောင်အထည်ဖော် မဆောင်ရွက်နိုင်ခဲ့ခြင်းကြောင့် အဆင့်မြင့် ပညာရပ် သင်ကြားမည့် လူငယ်အနည်းဆုံး ၄၀၀ ကျော်ကို မွေးထုတ်နိုင်ခြင်း မရှိခဲ့သည်ကို လေ့လာတွေ့ရှိ ရပါကြောင်း။
ထို့ကြောင့် ထူးချွန်ထက်မြတ်သည့် နိုင်ငံဝန်ထမ်းများ၊ လူငယ်လူရွယ်များသည် ရသင့်ရထိုက်သည့် အချိန်တွင် အဆင့်မြင့်ပညာသင်ဆုများကို ရယူပြီးနိုင်ငံကို အကျိုးပြုရန် လိုအပ်နေပါကြောင်း၊ ထို့ကြောင့် ပညာရေးဝန်ကြီးဌာနအနေဖြင့် (၃) နှစ်ကျော်မျှ အချိန်ယူရေးဆွဲနေသည့် နိုင်ငံတော် ပညာသင်ဆုချီးမြှင့်ရေး စီမံချက်မူကြမ်းကို အတည်ပြုပြီး အမြန်ဆုံးကြိုးပမ်း၍ နိုင်ငံအတွက် အရည်အချင်းမီသည့် ပညာတော်သင်များ ရွေးချယ်စေလွှတ်နိုင်ရေးကို အမြန်ဆုံးကြိုးစား အကောင်အထည်ဖော်ရန် အကြံပြု တိုက်တွန်းလိုက်ပါကြောင်း ဆွေးနွေးသည်။
အဆိုပါ အစီရင်ခံစာပထမတွဲ (၁၆/၂၀၁၉) အပေါ် ပဲခူးတိုင်းဒေသကြီးမဲဆန္ဒ နယ်အမှတ် (၃)မှ ဒေါ်ရွှေရွှေစိန်လတ်၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)မှ ဦးသန်းစိုး(ခေါ်) သန်းစိုး(ဘောဂဗေဒ)၊ မြင်းမူမဲဆန္ဒနယ်မှ ဦးစိုးစံသက်ထွန်း၊ အောင်မြေသာစံမဲဆန္ဒနယ်မှ ဒေါက်တာလှမိုး၊ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၇)မှ ဦးကျော်တုတ်၊ ဘုတလင် မဲဆန္ဒနယ်မှ ဦးမြင့်ဟန်ထွန်း၊ ကျိုက်လတ် မဲဆန္ဒနယ်မှ ဦးရန်လင်း၊ ဖျာပုံမဲဆန္ဒနယ်မှ ဦးဝင်းထွဋ်၊ ကချင် ပြည်နယ်မဲဆန္ဒနယ် အမှတ်(၁၁)မှ ဒေါက်တာခွန်ဝင်းသောင်းနှင့် မွန်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၈)မှ ဦးမျိုးဝင်းတို့က ဆက်လက် ဆွေးနွေးကြသည်။
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး စတုတ္ထနေ့ကို ဇန်နဝါရီ ၃၁ရက် တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။
အောင်ရဲသွင်၊ အေးအေးသန့်