Skip to main content

ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများအတွက် ခွင့်ပြုမိန့်နှင့် အတည်ပြုမိန့်များကို အွန်လိုင်းမှ လျှောက်ထားနိုင်ရေး ဆောင်ရွက်လျက်ရှိ

ရန်ကုန်  ဇန်နဝါရီ  ၂၉

ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများအတွက် ခွင့်ပြုမိန့်နှင့် အတည် ပြုမိန့်များကို အွန်လိုင်းမှ လျှောက်ထားနိုင်ရေး ဂျာမန်အပြည်ပြည်ဆိုင်ရာ ကူညီပေးရေးအဖွဲ့ (GIZ) အကူအညီဖြင့် ဆောင်ရွက်လျက်ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန(DICA)မှ ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်က ပြောကြားသည်။

ပူးပေါင်းဆောင်ရွက်နေ

အဆိုပါ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့ လွယ်ကူစေရန်အတွက် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ထုတ်ပေးသည့် ခွင့်ပြုမိန့်နှင့် အတည်ပြုမိန့်များကို အွန်လိုင်းမှ လျှောက်ထားနိုင်ရေး Online Investment Application System  ကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်(MIC)နှင့် ဂျာမန်အပြည်ပြည် ဆိုင်ရာ ကူညီပေးရေးအဖွဲ့ (GIZ)တို့ ပူးပေါင်းဆောင်ရွက် နေကြောင်း ၎င်းက ဆက်ပြောသည်။ ။

"ဒီအွန်လိုင်းစနစ်က ရင်းနှီးမြှုပ်နှံမှုဥပဒေပေါ်မှာ အခြေခံပြီးလုပ်ရတာပါ။ ရင်းနှီးမြှုပ်နှံမှုဥပဒေရဲ့ ပေးထား ချက်တွေအရ လျှောက်လွှာတင်တာ၊ ဖောင်ပုံစံတင်တာ၊ စဆက်သွယ်တာ၊ သတင်းယူတာ၊ သတင်းစုံစမ်းမေးမြန်းတာ တွေ ဒီဟာတွေအားလုံးကို အွန်လိုင်းပေါ်ကိုတင်မှာပါ။ ကျွန်တော်တို့ ရုံးကို လာစရာမလိုပါဘူး။ နောက်တစ်ခုက ဥပမာ စက်ရုံတစ်ရုံတည်ထောင်မယ်၊ တည်ထောင်မယ့် စက်ရုံက လှိုင်သာယာ စက်မှုဇုန်မှာဆိုရင် မြေနဲ့ပတ်သက်တဲ့ သဘောထား  တောင်းစရာမလိုဘူး၊ လှိုင်သာယာစက်မှုဇုန်ရဲ့ အပြင်ဘက် ဆိုရင် မြေနဲ့ပတ်သက်တဲ့ သဘောထား တောင်းရမယ် စတဲ့ ဒီအချက်အလက်တွေအားလုံး ကျွန်တော်တို့အွန်လိုင်းကနေ သွားဖို့လုပ်နေတယ်၊ ဆိုတော့ ဒီ Processက ဥပဒေမှာရှိတာကို ကျွန်တော်တို့က Systemထဲကိုထည့်မယ်၊ အဲဒီလိုထည့်ဖို့ အတွက်ကို GIZက အကူအညီပေးချင်တာ"ဟု ဦးသန့်စင်လွင် က ပြောသည်။ ။

အဆိုပါ Online Investment Application System ကို ဆောင်ရွက်နိုင်ရေး ဂျာမနီအပြည်ပြည်ဆိုင်ရာ ကူညီပေးရေးအဖွဲ့ အနေဖြင့် မြန်မာနိုင်ငံအတွက် အကူအညီ ပေးရန် လျာထားသည့် ရန်ပုံငွေထဲမှ အသုံးပြုသွားမည် ဖြစ်ကြောင်း သိရသည်။

လက်ရှိ ကုမ္ပဏီများ မှတ်ပုံတင်ခြင်းကိုလည်း ၂၀၁၇ ခုနှစ်တွင် အတည်ပြုပြဋ္ဌာန်းခဲ့သည့် ကုမ္ပဏီဥပဒေအရ အီလက်ထရောနစ် မှတ်ပုံတင်စနစ် (MyCO) အသုံးပြု၍ မှတ်ပုံတင်ရမည်ဖြစ်ပြီး ထိုသို့ မှတ်ပုံတင်ရာတွင် Manual Filings ကိုအသုံးမပြုဘဲ Online Application ကိုသာ ၁၀၀ ရာခိုင်နှုန်း အသုံးပြုလာကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။

ငြိမ်းငြိမ်း