သဘာဝဘေးအန္တရာယ်များ တားဆီးကာကွယ်ရေးနှင့် သဘာဝကိုအခြေခံသော ဖြေရှင်းခြင်းနည်းလမ်းများ (Nature-based Solutions-Nbs) ၏ အခန်းကဏ္ဍ
ယခုအခါတွင် ကမ္ဘာနှင့်တစ်ဝန်း ရာသီဥတုပြောင်းလဲမှုများနှင့်အတူ သဘာဝဘေးအန္တရာယ် အမျိုးမျိုး မကြာခဏဖြစ်ပေါ်လျက်ရှိသည်ကို တွေ့နိုင်ပါသည်။ သဘာဝဘေးအန္တရာယ်များ ဆိုသည်မှာ မိုးခေါင် ရေရှားခြင်း၊ ရေကြီးခြင်း၊ မြေပြိုခြင်း၊ တောမီးလောင်ခြင်း၊ မီးတောင်ပေါက်ကွဲခြင်း၊ ငလျင်လှုပ်ခြင်း၊ မုန်တိုင်းများ မကြာခဏတိုက်ခတ်ခြင်း၊ ရေခဲများ အရည်ပျော်ခြင်းနှင့် ပင်လယ်ရေမျက်နှာပြင် မြင့်တက်ခြင်း၊ အစားအစာနှင့် သောက်သုံးရေ ရှားပါးလာခြင်းနှင့် ရောဂါဘယများ ထူပြောလာခြင်း စသည်တို့ ပါဝင်ပါသည်။ သဘာဝအလျောက်ဖြစ်စေ၊ လူတို့၏ပြုမူဆောင်ရွက်မှု၊ မတော်တဆမှု သို့မဟုတ် ပေါ့ဆမှုကြောင့်ဖြစ်စေ ဖြစ်ပေါ်လာသော ဘေးအန္တရာယ်များဖြစ်သည်။
