ဆရာကြီး ဦးဖေမောင်တင်၏ နောက်ဆုံးအမှာစာ
၁၉၇၃ ခု မတ်လ ၂၂ ရက် ကြာသပတေးနေ့နံနက်ပိုင်းတွင် ကျင်းပသော ပညာလောကစာစောင် စာတည်းအဖွဲ့ အစည်းအဝေး အပြီး၌ ရုတ်ခြည်းသတင်းတစ်ခု ဝင်လာသည်။ ထိုဝင်လာသောသတင်းမှာ “ဆရာကြီး ဦးဖေမောင်တင် နံနက်ပိုင်းတွင် ကွယ်လွန်သွားသည့်သတင်း” ပင် ဖြစ်သည်။ ဤသတင်းကို ကျွန်တော်တို့ တအံ့တဩ လက်ခံလိုက်ရသည်။ စင်စစ်အားဖြင့် ဤသတင်းကို ကျွန်တော်တို့ ယုံနိုင်စရာ မရှိပါ။ သို့သော် ယုံလိုက်ကြရပါသည်။ တစ်ချိန်တည်းမှာပင် အနိစ္စတရားကိုလည်း လက်ခံလိုက်ကြရပါသည်။
